ကမ္ဘာ့ဖလားအကြို ပြင်ဆင်မှုအဖြစ် မတ်လမှာ ဥရုဂွေး၊ ဂျပန်တို့နဲ့ အင်္ဂလန်အသင်း ခြေစမ်းကစားမယ်

ကမ္ဘာ့ဖလားအကြို ပြင်ဆင်မှုအဖြစ် မတ်လမှာ ဥရုဂွေး၊ ဂျပန်တို့နဲ့ အင်္ဂလန်အသင်း ခြေစမ်းကစားမယ်
Photo: X
Photo: X
Published 12 December 2025

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မတ်လအတွင်း ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ခြေစမ်းကစားမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ အဆိုပါ ခြေစမ်းပွဲနှစ်ပွဲကို အိမ်ကွင်းဖြစ်တဲ့ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပြီး မတ် ၂၇ ရက်မှာ ဥရုဂွေးအသင်း၊ မတ် ၃၁ ရက်မှာ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (K)မှာ ရှစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ဥရောပဇုန်မှ ပထမဆုံးခြေစစ်ပွဲ အောင်မြင်တဲ့အသင်းဖြစ်ခဲ့ပါတယ်။

''ဒီခြေစမ်းပွဲနှစ်ပွဲ အတည်ပြုနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ကျေနပ်မိပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ထိပ်ဆုံး ၂၀ စာရင်းဝင်တဲ့ နှစ်သင်းနဲ့ ကစားချင်တာပါ။ ဒါ့အပြင် ဥရောပပြင်ပက ပြိုင်ဘက်တွေနဲ့လည်း ကိုယ့်ကိုယ်ကို စမ်းသပ်ချင်တာပါ''လို့ အင်္ဂလန်အသင်းနည်းပြ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(L) မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။

Most Read

Most Recent