မန်ယူအသင်းခေါင်းဆောင် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးစလုံးကို ဖန်တီးပေးပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ မဲပေးမှု အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်က ပရိသတ်တွေရဲ့ ဆန္ဒမဲ (၃၂%)ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က (၃၀%)၊ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန်က (၁၆%) ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားအဖြစ် မန်ယူနဲ့ စပါးက (၃)ဦးစီ ရွေးချယ်ခံထားရပြီး လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးက (၂)ဦးစီ၊ အာဆင်နယ်က (၁)ဦး ရွေးချယ်ခံထားရကြောင်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုစုစုပေါင်း (၅၆)ကြိမ်ရှိခဲ့ပြီဖြစ်တာကြောင့် မန်ယူကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံး စတုတ္ထမြောက်ကစားသမား ဖြစ်လာကြောင်း သိရပါတယ်။















