ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာများ ပိုမိုဝင်ရောက်စေရန် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရ

ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာများ ပိုမိုဝင်ရောက်စေရန် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရ
Published 2 December 2025

ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာများ ပိုမိုဝင်ရောက်စေရန် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါကော်မတီမှာ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ၊လစာများ ပိုမိုဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီဖြစ်ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးမှ ညွန်ကြားရေးမှူးချုပ်က တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင် ၁၁ ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင်များတွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရိချုပ်ရုံးမှ စစ်ဦးစီးမှူး(ပထမတန်း)၊ သတင်းရဲတပ်ဖွဲ့ ရဲမှူးကြီး၊ အထူးစုံစမ်းစစ်ဆေးဦးစီးဌာနမှ ညွန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်

ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးများ အစရှိသူတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါကော်မတီ၏ တာဝန်များမှာ ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့် လုပ်သားများ၏ လစာငွေမှ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ၎င်းတို့၏မိသားစုများထံ ပြန်လည်လွှဲပို့ရေးအလုပ်သမားအေဂျင်စီများမှ

တာဝန်ခံဆောင်ရွက်ခြင်းအပေါ် ကြီးကြပ်ရန်၊ အလုပ်သမားများ၏ လစာငွေများ မိသားစုထံ တရားမဝင်လမ်းကြောင်းမှ လွှဲပြောင်းနေသည့် အလုပ်သမားများနှင့် အကျိုးဆောင်အေဂျင်စီများကို အရေးယူရန်၊နယ်စပ်ဝင်ထွက်ပေါက်၊ ရေဆိပ်၊ လေဆိပ်များမှ ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများကို သတ်မှတ်စာရွက်စာတမ်းအထောက်အထား၊ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိမရှိ စစ်ဆေးရန်၊ဗဟိုဘဏ်မှ ခွင့်ပြုထားသည့် Remittance Business License ရ ကုမ္ပဏီများနှင့် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် နိုင်ငံတကာငွေလွှဲလုပ်ငန်းများမှတစ်ဆင့် လုပ်ခလစာများ လွှဲပြောင်းနိုင်ရေးကြပ်မတ်ဆောင်ရွက်ရန် အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ အိမ်နီးချင်း ထိုင်း၊ မလေးရှား နိုင်ငံများအပြင် ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် အိုမန်၊ ကာတာ အစရှိသည့် နိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent