စက်သုံးဆီနှင့် ပတ်သက်ပြီး နည်းပညာအသုံးပြု စစ်ဆေးကြပ်မတ်မှုများ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့မဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလတွင် ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်း မရှိသေးသည့် အတွက် ပြည်ပမှတင်သွင်းနေရပါကြောင်း၊ လက်ရှိပြည်ပမှ ဝယ်ယူသုံးစွဲနေသည့်အချိန်တွင် အဓိကအားဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစားပေးဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ပြည်ပမှ စက်သုံးဆီများတင်သွင်းရာတွင် တင်သွင်းလာသည့် စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိစေရေး အရေးကြီးကြောင်း၊ စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်အတွင်း ကြပ်မတ်စစ်ဆေးသည့်အခါတွင် လူကြောင့်အားနည်းမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ ကြပ်မတ်စစ်ဆေးမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သည်မှာ အချိန်ကာလတစ်ခုရှိသော်လည်း လက်တွေ့ဆောင်ရွက်နိုင်မှုမရှိသေးသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ ဦးစွာ Terminal များမှစ၍ Auto Tank Gauging (ATG) စနစ်များကို တပ်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ပစက်သုံးဆီတင် သင်္ဘောမှစက်သုံးဆီများ လက်ခံချယူသိုလှောင်နေမှု၊ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging (ATG) စနစ် တပ်ဆင်၍ Control Room မှ စက်သုံးဆီများ ဖြန့်ဖြူးပေးနေမှုနှင့် လက်ကျန်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။















