ကွန်ကာကက်ဖ်ဒေသကိုယ်စားပြု အသင်းတစ်သင်းအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကူရာဆာအိုအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲတွေကို ဒီနေ့မနက် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပနားမား၊ ကူရာဆာအိုနဲ့ ဟေတီတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ကူရာဆာအိုအသင်းကတော့ စံချိန်မှတ်တမ်းသစ်ကိုပါ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ကူရာဆာအိုဟာ ဒတ်ချ်ကျွန်းစုတွေထဲက ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ(၁၅၆၁၁၅)ဦးသာ ရှိသလို၊ နိုင်ငံအကျယ်အဝန်းကလည်း (၄၄၄)စတုရန်းကီလိုမီတာသာ ကျယ်ဝန်းတာကြောင့် ဧရိယာအရရော လူဦးရေအရပါ အသေးငယ်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းဝင်သွားတာပါ။
ကူရာဆာအိုအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့နည်းပြကတော့ နယ်သာလန်လက်ရွေးစင်အသင်းကို (၃)ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ ဒတ်ချ်နည်းပြ အက်ဒ်ဗိုကတ်ဖြစ်ပြီး ကူရာဆာအိုအသင်းကို ၂၀၂၄ ဇန်နဝါရီမှာမှ စတင်ကိုင်တွယ်ခဲ့တာပါ။
ကူရာဆာအိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကွန်ကာကက်ဖ်ဇုန်မှာ ရှုံးပွဲမရှိရလဒ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး အသက်(၇၈)နှစ်ရှိပြီဖြစ်တဲ့ အက်ဒ်ဗိုကတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။















