ရန်ကုန်တွင် ရွှေဆိုင်များ လစဉ် အသစ် နှစ်ဆိုင်ခန့် တိုးလာနေပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို သိထားမှသာ အမှားအယွင်းနည်းမည်ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးခန်းတွင် ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း (AML/CFT) အမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရွှေဆိုင်တွေက လစဉ် နှစ်ဆိုင်လောက် တိုးလာနေပါတယ်။ ရန်ကုန်မှာ။ အဲ့ဒီလိုပဲ အရောင်းအဝယ်ကောင်းတဲ့ ဆိုင်တွေမှာ ဝန်ထမ်းတွေလည်း တိုးလာတယ်။ နောက် ဆိုင်ပိုင်ရှင်တွေ တိုးလာတယ်။ ဝန်ထမ်းတွေတိုးလာတယ်။ နောက်ပြီးစျေးကွက်က တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့သဘောရှိပါတယ်။ အဲ့ဒီမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေနဲ့ ပတ်သက်ပြီး ရွှေဆိုင်တွေအနေနဲ့ သိထားမှ အမှားအယွင်းနည်းမှာ ဖြစ်ပါတယ်။ အဓိကကတော့ ငွေကြေးခဝါချ လုပ်ငန်းတွေကနေ ဒီထဲကိုဝင်တာကို ကာတာပဲဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
ငွေမည်းများဝင်ရောက်လာပါက ရွှေစျေးကွက်အတွင်း စျေးနှုန်းဆွဲတင်ခြင်း၊ စျေးနှုန်းဆွဲချခြင်း အစရှိသည့် စျေးကစားခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ လတ်တလောတွင်လည်း ကမ္ဘာ့နိုင်ငံရေးမတည်ငြိမ်သဖြင့် ကမ္ဘာ့ရွှေစျေးနှုန်းများ အတက်အကျဖြစ်နေကာ ပြည်တွင်းရွှေစျေးနှုန်းကိုလည်း လာရောက်ရိုက်ခတ်မှုရှိကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
ယင်းအပြင် ရွှေဆိုင်များကိုလည်း သတ်မှတ်အရည်အသွေးအတိုင်း ရောင်းချမှုရှိမရှိ၊ စျေးနှုန်းကို သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချမှုရှိမရှိတို့ကိုလည်း အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါအသင်းထံမှ သိရသည်။
“ရောင်းတဲ့ဝယ်တဲ့အခါမှာ စံချိန်စံညွန်းသတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ရောင်းကြဝယ်ကြဖို့ပဲဖြစ်ပါတယ်။ တချို့ကျတော့လည်း ကျွန်တော်တို့ စံချိန်စံညွန်းသတ်မှတ်ချက်တွေနဲ့ မရောင်းမဝယ်တာတွေလည်းရှိတယ်။ အဲ့ဒီလိုရှိလို့ရှိရင် တိုင်ကြားလို့ရှိရင်လည်း အရေးယူခံရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သတ်မှတ်တဲ့စျေးနှုန်းနဲ့ ရောင်းဝယ်ပေးပါ။ သတ်မှတ်တဲ့စျေးနှုန်းမှာမှ အခွန် သုံးရာခိုင်နှုန်းကောက်တာတို့၊ ဝန်ထမ်းစရိတ်တို့၊ ဒီဇယ်၊ ဓာတ်ဆီတို့ ဒါတွေပါအားလုံးဖြည့်သွင်းပြီးတော့ ကျွန်တော်တို့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရောင်းတဲ့ဝယ်တဲ့အခါမှာလည်း သမာသမတ်ကျကျ သမာဓိရှိရှိနဲ့ ရောင်းဝယ်ကြဖို့ပဲဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။















