အိုင်ယာလန်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ စီရော်နယ်လ်ဒို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို ပွဲပယ်ခံရမယ်

အိုင်ယာလန်နဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ စီရော်နယ်လ်ဒို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို ပွဲပယ်ခံရမယ်
Photo: X
Photo: X
Published 14 November 2025

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အနီကတ်ပြခံခဲ့ရတာကြောင့် ပေါ်တူဂီအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့ရင်၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို ပွဲပယ်ခံရမယ်လို့ သိရပါတယ်။

အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိုင်ယာလန်အသင်းက တိုက်စစ်မှူး ပါရော့ (၁၇၊ ၄၅)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး စီရော်နယ်လ်ဒိုက (၆၁)မိနစ်မှာ ပြိုင်ဘက်နောက်ခံလူ ဒါရာအိုရှီးယားကို တံတောင်နဲ့တွက်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပါ။

ဒီအနီကတ်က စီရော်နယ်လ်ဒိုအတွက် လက်ရွေးစင်ကစားသမားဘဝမှာ ပထမဆုံးပြသခံရတဲ့ အနီကတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၂၂၆)ပွဲမြောက် ယှဉ်ပြိုင်ကစားရာမှာ ပိုင်ဆို်င်ခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကလပ်အသင်းကစားသမားဘဝမှာတော့ အနီကတ် (၁၃)ကြိမ် ပြသခံခဲ့ရဖူးကြောင်း သိရပါတယ်။

ဖီဖာရဲ့ စည်းမျဉ်းအရ စီရော်နယ်လ်ဒိုဟာ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်အတွက် ပြိုင်ပွဲအသွင် ပွဲစဉ်တွေမှာ အနည်းဆုံး(၂)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်တာကြောင့် ပေါ်တူဂီအသင်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကို ပွဲပယ်ခံရမှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲနောက်ဆုံးပွဲကို အိမ်ကွင်းမှာ အာမေးနီးယားနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

Most Read

Most Recent