နာပိုလီအသင်းရဲ့ ကင်းထောက်ချုပ် မီချီလီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

နာပိုလီအသင်းရဲ့ ကင်းထောက်ချုပ် မီချီလီကို ခေါ်ယူဖို့ အာဆင်နယ်အသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 12 November 2025

အာဆင်နယ်အသင်းဟာ နာပိုလီအသင်းရဲ့ ကင်းထောက်ချုပ်ဖြစ်တဲ့ အီတလီလူမျိုး မော်ရီဇီယိုမီချီလီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။

အသက်(၅၇)နှစ်ရှိပြီဖြစ်တဲ့ မီချီလီဟာ စီးရီးအေကလပ်အသင်း အတော်များများမှာ ကင်းထောက်ရာထူးနဲ့ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပြီး နာပိုလီအသင်းကတော့ လက်ရှိအချိန်မှာ ဒုတိယအကြိမ် လက်တွဲနေခြင်းဖြစ်ကြောင်း သိရပါတယ်။

မီချီလီဟာ နာပိုလီအသင်းအတွက် ဟမ်ဆစ်၊ ကင်မင်ဂျေး၊ ခါဗရာစကယ်လီယာတို့ကို ရှာဖွေပေးနိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပြီး အူဒီးနီးစ်အသင်းမှာတုန်းကလည်း ဆူလေမွန်တာရီ၊ အဆာမိုဂျန်တို့နဲ့ပတ်သက်ပြီး နာမည်ရခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့နှစ်မှာ အားကစားဒါရိုက်တာ အီဒူးနဲ့ သူ့လက်ထောက် ဂျေဆန်အိုင်တိုတို့နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်မှာ အားကစားဒါရိုက်တာသစ် အန်ဒရေဘာတာကပဲ ကင်းထောက်ဌာနကိုပါ ဦးဆောင်နေရတာကြောင့် မီချီလီကို ကင်းထောက်ချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဘာတာ ရောက်ရှိလာချိန်မှာ ပစ်မှတ်ကစားသမားများစွာကို အရခေါ်ယူနိုင်ခဲ့ပြီး မီချီလီ ထပ်ရောက်လာခြင်းက အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ပိုမိုအားကောင်းလာစေနိုင်ဖွယ် ရှိနေပါတယ်။

Most Read

Most Recent