■ မော်လမြိုင်မြို့ မဟာမြိုင်ရပ်တွင် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ

■ မော်လမြိုင်မြို့ မဟာမြိုင်ရပ်တွင် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ
Published 10 November 2025

မော်လမြိုင်မြို့ မဟာမြိုင်ရပ်တွင် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီခွဲခန့်က မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ် (၉) လမ်းထပ်တွင် ဖွင့်လှစ်ထားသည့် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင်ရှေ့ဘက်မှ  သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပစ်ခတ်သံတွေကြားရပြီး ၁၅ မိနစ်လောက်ကြာတော့ ရပ်ကွက်နေပြည်သူတွေ ထွက်ကြည့်ကြတော့မှ  “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင်ရှေ့မှာက အဲ့ဒီဆိုင်က အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ တင်ကိုကိုဦး ဆိုသူကို သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေတာကို တွေ့ကြရတယ်။ အဲ့ဒီအပြင်ကို “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် အနောက်ဘက် အိမ်နှစ်အိမ်ကြားမှာလည်း သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေသူတစ်ဦးကို တွေ့ကြရတယ်။ နောက်ပြီး မဟာမြိုင် (၄) လမ်းထဲမှာရှိတဲ့ နေအိမ် နှစ်လုံးကြားထဲမှာလည်း သေနတ်ဒဏ်ရာရထားသူတစ်ဦးကို ထပ်တွေ့ကြတယ်။ သူတို့ နှစ်ဦးက တင်ကိုကိုဦးရဲ့ သူငယ်ချင်းတွေလို့ သိရပါတယ် LGBT တွေလို့လည်း သိရပါတယ်” ဟု ပြောကြားသည်။

သေနတ်ဒဏ်ရာရရှိထားသူအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက သေနတ်ဒဏ်ရာရရှိခဲ့သူအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သူများမှာ မြေနီကုန်းရပ်ကွက်၊ မဟာမြိုင် (၉) လမ်နေ အသက် (၃၇) နှစ်အရွယ် တင်ကိုကိုဦး နှင့် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မာမက်အာယွန် (ခ) မနီ တို့ဖြစ်ကြပြီး၊ သေနတ်ဒဏ်ရာရရှိခဲ့သူမှာ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာနေ အသက် (၃၂) နှစ်အရွယ် ဇွဲဝေယံထက် ဆိုငူဖြစ်ကြောင်း နှင့် ၎င်းတို့မှာ အလှပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်ကြသည့် သူငယ်ချင်းများဖြစ်ကြပြီး LGBT များဖြစ်ကြသည်ဟု  သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သူတို့ (၃) ဦးက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းရပ်ရှိ ပွဲဈေးတန်းကနေ “မြင်သူလန်း” ဆံပင်နှင့် မိတ်ကပ်အလှပြင်ဆိုင်ကို ပြန်လာတဲ့အချိန်မှာ လမ်းမှာ သူနောက်ကို လူ (၂) ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးက လိုက်လာတယ်။ “မြင်သူလန်း အလှပြင်ဆိုင်ရှေ့ရောက်လို့ ဆိုင်ကယ်ရပ်လိုက်တဲ့အချိန်မှာ နောက်က လိုက်လာတဲ့ဆိုင်ကယ်က သူတို့အနားရောက်လာပြီးတော့ သေနတ်သမားတစ်ယောက်က သေနတ်နဲ့ (၄) ချက်လောက်ပစ်တယ်။ တင်ကိုကိုဦး မှာက ဘယ်ဘက်ခါးစောင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရပြီး ဆိုင်ကယ်ပေါ်ကကျပြီးတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့တယ်။ မာမက်အာယွန်း (ခ) မနီက ဆိုင်ကယ်ပေါ်ကဆင်းပြီး ထွက်ပြေးပေမယ့် သူ့မှာလည်း ခါးစောင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာတ်စ်ချက်ရရှိခဲ့ပြီးတော့ နေအိမ်နှစ် လုံးကြားမှာ သေဆုံးနေခဲ့တာပါ။ ဇွဲဝေယံထက်  မှာလည်း ဘယ်ဘက်နံကြားမှာ ကျဉ်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာ၌ တင်ကိုကိုဦး၏ ရုပ်အလောင်းအနီးတွင် 9 mm Luger ကျည်ခွံ (၄) ခုအားတွေ့ရှိခဲ့ရပြီး၊ အလှပြင်ဆိုင်ရှေ့ လမ်းဘေးပလက်ဖောင်အုတ်ခုံအနီးတွင် 9 mm ကျည်ထပ်ဖူး (၁) ခုအား တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းတို့ (၃) ဦး စီးနင်းသွားသည့် Wave -100 ခဲအဖြူရောင် ဆိုင်ကယ် တစ်စီးကိုလည်း ရပ်လျှက်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်မှ ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် သက်ဆိုင်ရာက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ CCTV Control Room မှ မှတ်တမ်းများအား လိုက်လံ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent