နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဖရန့်ခ်ဒီဘိုးဝါးက သူ့အနေနဲ့ နည်းပြလောကကို ပြန်မလာချင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဖရန့်ခ်ဒီဘိုးဝါး(၅၅ နှစ်)ဟာ အေဂျက်စ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ခြေစွမ်းပြခဲ့ဖူးသူဖြစ်ပြီး နည်းပြဘဝကို ကူးပြောင်းချိန်မှာတော့ အေဂျက်စ်၊ အင်တာမီလန်၊ ခရစ္စတယ်ပဲလေ့စ်၊ အတ္တလန်တာယူနိုက်တက်၊ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ အယ်လ်ဂျာဇီးယားအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
အေဂျက်စ်အသင်းကို ကိုင်တွယ်စဉ်မှာ အမှတ်ပေးချန်ပီယံဆု (၄)ကြိမ်ရယူနိုင်ခဲ့ပေမဲ့ တခြားဥရောပအသင်းတွေမှာတော့ အောင်မြင်မှုမရခဲ့ဘဲ အချိန်တိုအတွင်း လမ်းခွဲခဲ့ရပါတယ်။
ပဲလေ့စ်အသင်းကို (၅)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာကတော့ အဆိုးရွားဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အခု အသင်းလက်မဲ့ဖြစ်နေတဲ့ ဖရန့်ခ်ဒီဘိုးဝါးကို နည်းပြပြန်လုပ်ဖို့ စဉ်းစားနေပြီလားလို့ ဒတ်ချ်ဘောလုံးမဂ္ဂဇင်းက မေးမြန်းခဲ့ရာမှာ ''ဘယ်တော့မှပြန်မလုပ်ဘူးလို့တော့ မပြောပါဘူး။ ဒါပေမဲ့ သေချာပေါက်ရင်မခုန်တော့ပါဘူး။ အပျက်သဘောဆောင်တာတွေကိုလည်း လွမ်းမနေပါဘူး။ လက်ရှိဘဝမှာ ကျွန်တော် အရမ်းပျော်နေပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















