အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် နိုဝင်ဘာ ၃ ရက်က တောင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားနှင့် ပိုင်းခြားထားသည့် စစ်မဲ့ဇုန်နယ်စပ်ဒေသသို့ သွားရောက်ရန် စီစဉ်ထား ကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြောင်းလဲနေသည့် လုံခြုံရေးအခြေအနေတွင် ကိုရီးယားရှိ အမေရိကန်စစ်သားများ၏ အခန်းကဏ္ဍကို ပြန်လည်ပုံဖော်လိုသည့် အမေရိကန်၏ ရည်ရွယ်ချက်အပါအဝင် ဆွေးနွေးမှုများပြုလုပ်ရန် ဟက်ဆက်၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ပိဟက်ဆက်သည် နိုဝင်ဘာ ၄ ရက်တွင် နှစ်စဉ်ပြုလုပ်နေကျ လုံခြုံရေးအတိုင်ပင်ခံအစည်းအဝေး(SCM) ကို ကာကွယ်ရေးအကြီးအကဲများနှင့် ပြုလုပ်မည်ဖြစ်သည်။
ထိပ်သီးအဆင့်ရှိသည့် ထိုအစည်းအဝေးတွင် နှစ်နိုင်ငံစစ်ရေးမဟာ မိတ်ဆက်ဆံရေး၊ နျူကလီးယားပိုင်ဆိုင်သည့် မြောက်ကိုရီးယားကိုဆန့်ကျင်သည့် တောင်ကိုရီးယား၏ ကာကွယ်ရေးကဏ္ဍတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်းဂူဘက်နှင့် ဟက်ဆက်တို့သည် ဒေသတွင်းလုံခြုံရေး၊ ဆိုက်ဘာ နှင့် ဒုံးကျည်ကာကွယ်ရေးတို့နှင့်ပတ်သက် ပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ မြောက်ကိုရီးယားကို ဆန့်ကျင်သည့် ပူးတွဲကာကွယ်ရေး အသင့်အနေအထားရှိမှုတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref.Reuters















