လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံထားရသည့် ဒေါ်သက်သက်ခိုင်က ရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာနှစ်စောင်တင်ပြထားကြောင်း သိရသည်။
အောက်တိုဘာ ၂၁ ရက်ညပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါ်သက်သက်ခိုင်ထံ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၈(ဃ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင် ခွင့်မပြုကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။
" ကျွန်မ ကော်မရှင်ကို အသနားခံစာ တင်လိုက်ပြီ။ ၁၉ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးပြီးပြီ။ ၂၁ ရက် ညပိုင်းမှာ ဒီဟာကို ပယ်ဖျက်တယ်ဆိုတာကို အကြောင်းကြားတယ်။ ၂၄ ရက်နေ့မှာ အသနားခံစာကို စာပဲအရင် တင်လိုက်တယ်" ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
ထို့ပြင် ကမ္ဘောဇဘဏ်သို့ အကြွေးကျပ်သိန်း ငါးသောင်းကို ပေးဆပ်ထားပြီးဖြစ်ကြောင်း၊ ယင်းနောက်တွင် အသနားခံစာကို ထပ်မံတင်ပြထားကြောင်း ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
" အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ကျပ်သိန်း ငါးသောင်း ကမ္ဘောဇဘဏ်ကို သွင်းပြီးတော့မှ ကျွန်မဟာ ရိုးရိုးသားသားနဲ့ ဒီပေးရန်ရှိတာဝန်ကိုလည်း ငြင်းပယ်တာမဟုတ်ဘူး၊ ပြီးလို့ရှိရင် ဒီရွေးကောက်ပွဲကို ဝင်ချင်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုရက်တိုတိုအ တွင်းမှာ ဒီလောက်များတဲ့ငွေပမာဏကို ကမ္ဘောဇဘဏ်ကို ပေးသွင်းထားပါတယ်ဆိုတာကို UEC ကို ငွေသွင်းပြီးတာနဲ့တပြိုင်နက် တခါတည်း စာတင်ထားပါတယ်။ စာနှစ်စောင် တင်ထားပါတယ်" ဟု ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
လက်ရှိတွင် နိုင်ငံရေး လုပ်ကိုင်နိုင်ရန်အတွက် မိသားစုပိုင် ကုမ္ပဏီနှစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ထားသည်ဟု ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
" နိုင်ငံရေးဆိုတာက အတိုက်အခိုက်များတယ်။ သို့သော် မိသားစုစီးပွားရေးမထိခိုက်အောင်လို့ DICA မှာ မိသားစုကုမ္ပဏီ နှစ်ခုမှာ ၂၀၂၁ ခုနှစ် ခြောက်လပိုင်းကတည်းက ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ထွက်တာက Shareholder အနေနဲ့ ကျွန်မ Share တွေကို စွန့်လွှတ်ပြီးကြောင်း၊ Share လည်းမပါတော့ ကြောင်း နှုတ်ထွက်ပြီးဖြစ်ပါတယ်။ သို့သော်လည်း ဒီဘက်က ဘဏ်မှာတော့ Business loan ချေးယူစဥ်တုန်းကတော့ ကျွန်မနဲ့ ကိုအောင်ကျော်ဝင်း လက်မှတ်ထိုးပြီး ယူထားတာဖြစ်တဲ့အတွက် အဲ့ဒါကတော့ ကျွန်မ မပယ်ဖျက်ထားပါဘူး။ လုပ်ငန်းကြီး လုပ်နေတဲ့အတွက်ကြောင့် ဘဏ်ချေးငွေဆိုတာ နေ့ချင်းညချင်းဖြေရှင်းလို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး" ဟု ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
ဒေါက်တာသက်သက်ခိုင်သည် လာမည့် ရွေးကောက်ပွဲတွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိင်၊ မရမ်းကုန်း မြော က် ဥက္ကလာပမြိုနယ်တိုပါဝင်သည့် ရန်ကု န်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းထားခြင်း ဖြစ်သည်။















