လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း အာနယ်ဆလော့ ပြောကြား

လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း အာနယ်ဆလော့ ပြောကြား
Photo: X
Photo: X
Published 31 October 2025

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လက်ရှိအချိန်မှာ စာချုပ်သစ်အတွက် ပြောဆိုမှာမဟုတ်ဘဲ အသင်းနိုင်ပွဲပြန်လည်ရရှိရေးကိုသာ အဓိကအာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

နယ်သာလန်နည်းပြ အာနယ်ဆလော့ဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရာထူးက ထုတ်ပယ်ခံရဖို့ အလေးပေးမှုတွေ မြင့်တက်နေပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်းလည်း သတင်းများထွက်ပေါ်လာပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ခြောက်ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့ကြောင့် ပရီးမီးယားလိဂ်က ထပ်မံထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရားရဲ့နောက် ဒုတိယရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။

ဒါပေမဲ့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေကတော့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ အာနယ်ဆလော့ကို ယုံကြည်မှုအပြည့်ရှိနေတဲ့အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့တောင် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အာနယ်ဆလော့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်တာကြောင့် သက်တမ်းတိုးဖို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီအတွက် အက်စတွန်ဗီလာနဲ့ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖွယ်ရှိသလားလို့ မေးမြန်းခဲ့ရာ အာနယ်ဆလော့က ''ဒါဟာ ဒီအကြောင်း နောက်ဆုံးမေးခွန်းဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါ တယ်။ ကျွန်တော့်ရဲ့အာရုံက လီဗာပူးလ်အသင်း နိုင်ပွဲလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရေးအတွက်ပဲ အပြည့်အဝရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမအဖြေပါ။ ဒုတိယအဖြေကတော့ စာချုပ်ကိစ္စအတွက် သူတို့ အဲဒီမှာရှိနေရင်တောင် ဒီအကြောင်းကို ကျွန်တော်တို့ ဒီနေရာမှာ လုံးဝမပြောဆိုပါဘူး။ နိုင်ပွဲပြန်ရဖို့ကိုပဲ ကျွန်တော် အဓိကအာရုံစိုက်ထားပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။ 

Most Read

Most Recent