မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီနေ့ ယှဉ်ပြိုင်ကစားရမယ့် အင်ဒိုနီးရှားနဲ့ပွဲမှာ အနိမ့်ဆုံးသရေကစားနိုင်ပါက ၂၀၂၆ ယူ-၁၇ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ သုံးသင်းသာပါဝင်တဲ့ အုပ်စု (C)မှာ ကျရောက်ခဲ့ပြီး ပထမပွဲမှာ မကာအိုအသင်းကို (၇-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းက မကာအိုအသင်းကို (၂-၀) ဂိုးနဲ့သာ အနိုင်ရထားတာကြောင့် မြန်မာအသင်းက ဂိုးကွာခြားချက် အသာရထားတဲ့အတွက် အင်ဒိုနီးရှားနဲ့ ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ကစားရမယ့် နောက်ဆုံးပွဲမှာ အနိမ့်ဆုံးသရေကစားနိုင်ရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာပါ။
အုပ်စုနောက်ဆုံးနေ့ကို ဒီနေ့ ညနေ ၄ နာရီ သုဝဏ္ဏကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပါတယ်။
ဒါ့အပြင် ဒီနှစ်အတွင်း ယှဉ်ပြိုင်ထားတဲ့ အာရှအဆင့် ခြေစစ်ပွဲတွေမှာ မြန်မာအသင်းတွေ ခြေစစ်ပွဲမအောင်မြင်တဲ့ အစဉ်အလာဆိုးကို မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းအနေနဲ့ ရပ်တန့်နိုင်ဖို့ နီးစပ်နေပါတယ်။















