အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီအသင်း ခြေစစ်ပွဲမအောင်ရင် အီတလီနိုင်ငံကနေ ထွက်ခွာသွားပြီး တခြားနိုင်ငံမှာ နေထိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
အီတလီနဲ့ အေစီမီလန်အသင်းတို့ရဲ့ နာမည်ကျော် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဂတ်တူဆိုဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
နည်းပြ စပယ်လက်တီလက်ထက်မှာ ရလဒ်တွေဆိုးရွားနေတာကြောင့် ဂတ်တူဆိုကို ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပြီး ဂတ်တူဆိုလက်ထက်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၄)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိထားပါတယ်။
ဒါပေမဲ့ ခြေစစ်ပွဲအုပ်စုမှာ နော်ဝေရဲ့နောက် ဒုတိယနေရာရောက်ရှိနေတာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့အတွက် လက်ကျန်နှစ်ပွဲစလုံးမှာ လိုအပ်တဲ့ရလဒ်နဲ့ အနို်င်ရဖို့ လိုနေပါတယ်။
''ရည်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်ရင် ကျွန်တော် ဂုဏ်ပြုခံသွားမှာဖြစ်ပြီး တကယ်လို့ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ အီတလီနိုင်ငံကနေ ကျွန်တော် ထွက်ခွာသွားမှာပါ။ ဒီအတွက် ကျွန်တော် စီစဉ်ထားပြီးပါပြီ(စပိန်မှာ သူ့ရဲ့နေအိမ်ရှိ)။ ဒီထက်ဝေးရာကိုလည်း ထွက်သွားနိုင်ပါတယ်'' လို့ ဂတ်တူဆိုက ပြောကြားခဲ့ပါတယ်။
အီတလီအသင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလည်း ထပ်ပြီးလွဲချော်ရမှာကို အီတလီပရိသတ်တွေက စိုးရိမ်နေကြပါတယ်။















