၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ AA အဖွဲ့နှင့်ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ ကြိမ် ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံအထိ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ မူးယစ်ဆေးဝါးကို အဓိက ကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏနည်းနည်းလေးကနေပြီး ကြီးမားတဲ့ ပမာဏအထိ သယ်ဆောင်လုပ်ကိုင်နေတာမျိုး တွေ့ရပါတယ်။ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ရဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် ဒီ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းတွေကို လုပ်နေရတာ ဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေ ၁ ဒသမ ၆၅ ဘီလျံခန့်နဲ့ ၂၀၁၉ ခုနှစ်မှာ လေးကြိမ် ကာလတန်ဖိုးငွေ ကျပ် ၅၉ ဘီလျံခန့်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် ကာလတန်ဖိုးငွေ ကျပ် ၁၀ ဘီလျံ၊ ၂၀၂၃ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေ ကျပ် ၁၅၅ ဒသမ ၈၇ ဘီလျံ၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေ ကျပ် ၃ ဒသမ ၂၂ ဘီလျံခန့်နဲ့ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ ၆ ကြိမ် ကာလတန်ဖိုးငွေ ကျပ် ၁၀၀၃ ဒသမ ၉၃ ဘီလျံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ယခုအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ် ရှိခဲ့ပါတယ်။ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကို ကြည့်ရင် ဘယ်လောက် အန္တရာယ်များကြောင်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေခဲ့ကြောင်း ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၃ ခုနှစ်က AA သောင်းကျန်းသူ အဖွဲ့နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွင် AA သောင်းကျန်းသူ အဖွဲ့ဝင် ဗိုလ်အဆင့်ရှိသည့် ထွန်းလင်း(ခေါ်)ပြုံးချို၊ ဒုတိယဗိုလ် အဆင့်ရှိသည့် နေလင်းထွန်း(ခေါ်) နော်နော်(ခေါ်)ကျော်စိုး နှင့် စိုးထွန်း၊ တပ်ကြပ်ကြီး အဆင့်ရှိသည် ကျော်ဟန်၊ တပ်သားအဆင့်ရှိသည့် ကျော်လင်းဆန်းနှင့် ဦးထွန်းနု စသည့် ခြောက်ဦးတို့ ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ သူတို့ကို စနစ်တကျ စစ်ဆေးဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူ အဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီး အဆင့်ရှိ ကျော်မြတ်ဦး(ခေါ်)သားသား(ခေါ်)ဝေသာထွန်း က ဦးစီးပြီး စီမံခန့်ခွဲ လုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာ သိရှိပါတယ်။ ဒီလိုပါပဲ နောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်း AA သောင်းကျန်းသူ အဖွဲ့နဲ့ပတ်သက်တဲ့သူတွေ၊ AA သောင်းကျန်းသူ အဖွဲ့ ဦးစီးပြီး လုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူတွေသာ ဖြစ်ပါတယ်။ AA သောင်းကျန်းသူ အဖွဲ့တွေဟာ ဒေသခံတွေကို ငွေကြေးနဲ့မက်လုံးပေးပြီး မူးယစ်ဆေးဝါးတွေကို သယ်ဆောင်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေကို ရောင်းချတာအပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ရေလမ်းကြောင်းကနေ တစ်ဆင့် တစ်ခြားနိုင်ငံတွေကိုလည်း အဆင့်ဆင့် ချိတ်ဆက်ပို့ဆောင် ရောင်းချနေတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။
ယင်းကိစ္စများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ၏ Ramu စစ်ဌာနချုပ်မှူး ကိုယ်တိုင် စက်တင်ဘာ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ယခင်က ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံ၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ လုံခြုံရေး ဆောင်ရွက်နေသည့် အခြေအနေတွင် ယင်းကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ ယခုကတော့ သူတို့လွှမ်းမိုးနေတဲ့ နယ်မြေမှာ AA သောင်းကျန်းသူတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အခြားနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ အတားအဆီးမဲ့စွာ တင်သွင်း၊ တင်ပို့နေကြောင်း တွေ့ရတာ ဖြစ်ပါတယ်။ ဒီလို ပို့ဆောင်ဖြန့်ဖြူးရရှိတဲ့ ငွေတွေကနေတင်ဆင့် ရိက္ခာ၊ လက်နက်၊ ခဲယမ်းတွေကို ဝယ်ယူနေခြင်း ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ AA သောင်းကျန်းသူ အဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေကလည်း မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးတဲ့ လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေပြီး အဲ့ဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို မျှော်လင့်ခဲ့ရာကနေပြီးတော့ ပမာဏကြီးကြီး ဖမ်းဆီးခံလိုက်ရတဲ့ အချိန်ရဲ့ နောက်ကွယ်မှာကတော့ ငွေကြေးကြပ်တည်းမှုတွေနဲ့အတူ စိတ်ဝမ်းကွဲပြားမှုတွေ၊ အလင်းဝင်ရောက်မှုတွေ၊ အချင်းချင်း စွပ်စွဲ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာလည်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိအချိန်အထိ PDF အဖွဲ့ဝင်များ တရားဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာမှုအနေဖြင့် ၈၂၃ ဦးအထိ ရှိလာပြီဖြစ်ပြီး ဆက်လက်၍ အလင်းဝင်ရန် ချိတ်ဆက် ဆောင်ရွက်နေသည့် အဖွဲ့များလည်း ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့် ၂၀၁၈ ခုနှစ်မှ ယခုအထိ EAO များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်း ၁၇ ကြိမ် ကြေညာခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် အကြမ်းဖက်ဖြစ်နေသည့် PDF အပါအဝင် အခြားအဖွဲ့အစည်းများကိုလည်း ဥပဒေဘောင်အတွင်းဝင်ရောက်ရန် သုံးကြိမ်အထိ ဖိတ်ခေါ်ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီနေရာမှာ ကျွန်တော်အနေနဲ့ ပြောချင်တာက AA သောင်းကျန်းသူအဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်း၊ ဒေသတွင်းနိုင်ငံတွေအထိ လူသားမျိုးနွယ်စုရဲ့ အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေ လုပ်ဆောင်လျက် ရှိတဲ့အပြင် လူမျိုးရေး အကြောင်းပြပြီး သောင်းကျန်းသူအဖြစ် ဆောင်ရွက်လျက် ရှိပါတယ်။ လူမျိုးရေးအကြောင်းပြပြီး ဆောင်ရွက်နေတာဖြစ်ပေမယ့် ရခိုင်လူငယ်တွေပဲ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား မိဘပြည်သူ ညီအကို မောင်နှမများ အနေနဲ့ ဒီလို အစွန်းရောက်လုပ်ဆောင်နေတဲ့ AA အကြမ်းဖက် သောင်းကျန်းသူ Arakan Drug Army ၊ AA မူးယစ်ဆေးဝါး သောင်းကျန်းသူများကို ဆန့်ကျင်ဖို့၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေဖြစ်လို့၊ ဒေသတွင်းနိုင်ငံများ ကိုပါ အန္တရာယ်ကျရောက်စေမယ့် လုပ်ငန်းတွေဖြစ်လို့ အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ ရရှိလာတဲ့ သတင်းများကို တာဝန်ရှိသူများထံ အချိန်မီ ပေးပို့ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
AA အဖွဲ့ ဦးစီးလုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး သယ်ယူ ပို့ဆောင်ရောင်းချနေသော လုပ်ငန်းများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိကြောင်း၊ AA အဖွဲသည် မူးယစ်ဆေးဝါးနှင့် ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်ကို ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း AA အဖွဲ့၏ ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ဖြန့်ဖြူး ရောင်းချမည့် ကျပ် ၁၉၅ ဒသမ ၈၅ ဘီလျံတန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်နှင့် ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်ကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်က ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။















