နာမည်ကျော် စျေးကွက်မီဒီယာတစ်ခုဖြစ်တဲ့ Bloomberg က အယ်လ်နာဆာအသင်းက ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားတွေထဲမှာ ပထမဆုံးဘီလျံနာတစ်ယောက် ဖြစ်လာခဲ့ပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် သူ့ရဲ့ကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၁.၄)ဘီလီယံ ရှိသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အယ်လ်နာဆာအသင်းနဲ့ နောက်ဆုံးချုပ်ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ စီရော်နယ်လ်ဒိုဟာ ဒေါ်လာသန်း(၄၀၀)ရရှိမှာဖြစ်ပြီး အသက်(၄၀)ရှိပြီဖြစ်ပေမဲ့ စပွန်ဆာစာချုပ်တွေကလည်း ဝင်ငွေများစွာ ရရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို မရောက်ခင်မှာ ရရှိခဲ့တဲ့ စုစုပေါင်းလစာကလည်း ဒေါ်သာသန်း(၅၀၀)ကျော်ရှိခဲ့သလို၊ ဟိုတယ်လုပ်ငန်းတွေကလည်း ဝင်ငွေများစွာရရှိနေပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုက ဒေါ်လာ(၁.၄)ဘီလီယံရှိနေပြီလို့ Bloomberg ကဖော်ပြခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၂၂)နှစ်တာကာလအတွင်း စွမ်းဆောင်ပေးခဲ့မှုအတွက် မနေ့က ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရကြောင်းလည်း သိရပါတယ်။
အဲဒီဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက ကစားသမားဘဝက အနားယူဦးမှာမဟုတ်ကြောင်းနဲ့ ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ကြိုးစားသွားဦးမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။















