ဖိလစ်ပိုင်အလယ်ပိုင်းတွင် လှုပ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ စုစုပေါင်းသည် အောက်တိုဘာ ၂ ရက်တွင် ၇၂ ဦးရှိလာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
တာဝန်ရှိသူများက ဒဏ်ရာရရှိထားသူ ရာဂဏန်းနှင့် အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေစဉ် မြေငလျင်ကြောင့် သေဆုံးသူ မြင့်တက်လာခြင်း ဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်တွင် လှုပ်ခဲ့သော မဂ္ဂနီကျု ၆ ဒသမ ၉ ရှိ မြေငလျင်၏ ဗဟိုချက်အနီးရှိ ဘိုဂိုမြို့၌ ပြိုကျသွားခဲ့သော ဟိုတယ်၏ အပျက်အစီးများထဲမှ အမျိုးသမီးတစ်ဦးနှင့် သူ၏ကလေးတစ်ဦးကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် မီးသတ်သမားနှင့်ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ခဲ့သည်။
အခြားအမျိုးသမီးတစ်ဦး၏ အလောင်းကို အောက်တိုဘာ ၁ ရက် စောစောပိုင်းတွင် ထိုနေရာမှပင် ပြန်လည် ရရှိခဲ့သည်ကို AFP သတင်းထောက်များက မြင်တွေ့ခဲ့သည်။
၂၉၄ ဦး ဒဏ်ရာရခဲ့ပြီး ၂၀,၀၀၀ ဝန်းကျင်က နေအိမ်များမှ ထွက်ပြေးခဲ့ကြသည်ဟု အမျိုးသားအစိုးရက ပြောကြားခဲ့သည်။ စီဘူးကျွန်း၏ မြောက်ပိုင်းတစ်ခွင်တွင် အိမ် ၆၀၀ နီးပါး ပျက်စီးသွားခဲ့သည်။ ယင်းနေရာတွင် နောက်ဆက်တွဲမြေငလျင် ရာချီလှုပ်ခဲ့ချိန်တွင် ဒေသခံရာပေါင်းများစွာသည် လမ်းများပေါ်တွင် အိပ်နေခဲ့သည်။
စီဘူးပြည်နယ်အုပ်ချုပ်ရေးမှူး ပါမီလာ ဘာရီကူအာထရိုက အောက်တိုဘာ ၂ ရက်တွင် အရေးပေါ်အကူအညီ များကို တောင်းခံခဲ့သည်။ ပြည်သူထောင်ပေါင်းများစွာသည် ဘေးကင်းသော သောက်ရေ၊ အစားအစာ၊ အဝတ်အစား၊ ယာယီနေထိုင်စရာတို့ လိုအပ်နေသည်ဟု သူက ပြောကြားခဲ့သည်။ စေတနာ့ဝန်ထမ်းတို့က အကူအညီများပေးနေသည်ဟု သိရသည်။
“အိမ်အများအပြား ပျက်စီးသွားခဲ့ပါတယ်။ မိသားစု အများအပြားဟာ ပြန်လည်ထူထောင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့ဟာ ကျွန်မတို့ရဲ့အကူအညီတွေ လိုအပ်နေပါတယ်။ ထောက်ပံ့မှုတွေ လိုအပ် နေပါတယ်။ ကျွန်မတို့ရဲ့ဆုတောင်းစကားတွေ လိုအပ်နေပါတယ်”ဟု စီဘူးပြည်နယ် အုပ်ချုပ်ရေးမှူး ပါမီလာ ဘာရီကူအာထရိုက Facebook တွင် ဖော်ပြခဲ့သည်။
သမ္မတဖာဒီနန်မားကို့စ်က အောက်တိုဘာ ၂ ရက်တွင် အကြီးတန်းလက်ထောက်များနှင့်အတူ စီဘူးကို လေယာဉ်ဖြင့်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်မှု များကို ချိတ်ဆက်လုပ်ဆောင်ပေးခဲ့သည်။ သမ္မတက မီဒီယာများနှင့် ချက်ချင်းတွေ့ဆုံခဲ့ခြင်း မရှိပေ။
ကျေးရွာ ခရစ်ယာန်ဘုရား ကျောင်းငယ်လေးက နေအိမ်ပျက်စီးသွားသူများအတွက် မြေငလျင်အလွန် ခိုလှုံရာနေရာဖြစ်ခဲ့သည်။ ထို့ကြောင့် အဆိုပါဘုရားကျောင်းတွင် အသက် ၁၈ နှစ်အရွယ် ဘိုဂိုဒေသခံ ဒိန်းမာ ဒရီဂါနှင့် သူ၏အိမ်နီးချင်း ၁၄ ဦးတို့ ယာယီနေထိုင်ရာ နေရာဖြစ်နေသည်။ သူတို့၏အဝတ်အစားများနှင့် စားစရာများသည် ဘုရားရှိခိုးကျောင်းထဲက ခုံတန်းရှည်များပေါ်တွင် ပြန့်ကျဲနေသည်။
“ကျွန်မအိမ်ရဲ့နံရံတစ်ခုလုံး ပြိုကျသွားခဲ့ပါတယ်။ကျွန်မတို့ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ အိမ်ပြန်ရမလဲဆိုတာ တကယ်မသိပါဘူး”ဟု မာဒရီဂါက AFP ကို ပြောကြားခဲ့သည်။
“ကျွန်မဟာ နောက်ဆက်တွဲ လှုပ်တဲ့ မြေငလျင်တွေကို အခုချိန်ထိ ကြောက်နေဆဲပါ။ ကျွန်မတို့ ထပ်ပြီး ထွက်ပြေးရဦးမယ်လို့ ထင်နေပါတယ်”ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေသအများအပြားသည် လျှပ်စစ်ဓာတ်အား မရဘဲဖြစ်နေသည်။ ဘိုဂိုမြို့ရှိ ပျက်စီးနေသော စီဘူးပြည်နယ်ဆေးရုံ၏ အပြင်ဘက်တွင် လူနာများသည် တဲများထဲတွင် နေထိုင်နေကြသည်။
Ref:AFP















