ယာယီသမ္မတ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံရှိ Astana International Financial Center (AIFC)၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ

ယာယီသမ္မတ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံရှိ Astana International Financial Center (AIFC)၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ
Published 29 September 2025

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့ရှိ Astana International Financial Center (AIFC) သို့ စက်တင်ဘာ၂၈ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့​ကြောင်း သိရသည်။

ထိုသို့ စင်တာအတွင်း လိုက်လံကြည့်ရှုလေ့လာရာတွင် ယာယီသမ္မတက ဌာနအလိုက်တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး​နောက် AIFC အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr. Bakhtiyar Tleubekovနှင့် တာဝန်ရှိသူများ၊ ကာဇက်စတန်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက(AIFC)ဆိုင်ရာအချက်အလက်များ၊ နည်းပညာတိုးတက်မှုမြင့်မားပြီး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ ကာဇက်စတန်နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များ ဖော်ဆောင်၍ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်း၊ နည်းပညာဆိုင်ရာတို့အပြင် စိတ်ချလုံခြုံစွာလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးထားမှု၊ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအလိုက် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စင်တာအတွင်းရှိ Museum of Trust အတွင်း ကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

အဆိုပါ Astana International Financial Center (AIFC) သည် Astana မြို့တွင် တည်ရှိသည့် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကမ်းလှမ်းနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ Belt and Road Initiative (BRI)စီမံကိန်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်းဒေသမှအစပြု၍ အရှေ့အလယ်ပိုင်းဒေသ၊ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံများအထိ ကမ္ဘာအနှံ့ဖြန့်ကြက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၂၇ ရက် ညပိုင်းကလည်း နိုင်ယာယီသမ္မတနှင့်အဖွဲ့ဝင်များသည် အက်စတာနာမြို့ရှိ Baiterek သမိုင်းဝင်အထိမ်းအမှတ်အဆောက်အဦး လေ့လာရေးမျှော်စင်နှင့် အက်စတာနာမြို့ မြို့ပြဖွံ့ဖြိုး တိုးတက်မှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့​ကြောင်း သိရသည်။

ထို့အတူ ယာယီသမ္မတသည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် အက်စတာနာမြို့ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော် သွားရောက်ကြည့်ရှုလေ့လာရာ ယာယီသမ္မတအဖွဲ့ဝင်များအား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်မှ General Director Mr. Yakupov Daniyar Abaevich နှင့်တာဝန်ရှိသူများက ဧည့်ခန်းမဆောင်တွင်တွေ့ဆုံ၍ ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နန်းတော်ဆိုင်ရာများ၊ ကာဇက်စတန်နိုင်ငံတွင်လူမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး လူမျိုးစု များအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် လိုအပ်သည့်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ကို တည်ဆောက်ခဲ့မှုနှင့် အမျိုးသားရေး ညီလာခံကို နှစ်စဉ်လက်ခံကျင်းပဆောင်ရွက်လျက်ရှိမှု၊ လူမျိုးစုများအချင်းချင်း ချစ် ကြည်မှုနှင့်နားလည်မှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကာဇက်စတန်နိုင်ငံရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့မှုနှင့် နန်းတော်အတွင်း ငြိမ်းချမ်းရေးနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများ ကျင်းပခဲ့မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသား လူမျိုးများ အတူတကွစုပေါင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားပြီး ကာဇက်စတန် နိုင်ငံဆိုင်ရာများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့​ကြောင်းသိရသည်

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ ဆက်လက်သွား​ရောက်​ပြီး ပြတိုက်အတွင်း လှည့်လည်၍ ကာဇက်စတန်လူမျိုးနှင့်နိုင်ငံတို့၏ သမိုင်းကြောင်း နောက်ခံအကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်း လင်းပြောကြားမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

ပြတိုက်အတွင်း ပြကွက်တစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာမြို့ဆိုင်ရာ ပြခန်း၌ မြို့ပြစီမံ အုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl က ယခင်ကမြို့တော်ဖြစ်သည့် အာမာတီမြို့မှ ယခုအက်စတာနာမြို့နေရာသို့ မြို့ပြ အခြေခံအကွက်ချပုံစနစ်တကျရေးဆွဲ၍ ၂၀၀၀ ပြည့်နှစ် ဇွန် ၆ ရက်ကစပြီး တည်ဆောက်ခဲ့မှု၊ စတင်ဆောင်ရွက်ခဲ့စဉ်က လူဦးရေရှစ်သိန်းခန့်အထိနေထိုင်နိုင်ရေး အခြေခံ အဆောက်အဦများ၊ လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် တိုးတက်လာသော လူဦးရေနှင့်အညီ ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ ခေတ်မီနည်းစနစ်များဖြင့် မြို့ပြအား ဆက်လက်ထိန်းသိမ်းဆောင်ရွက် လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

ယင်းနောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich၊ မြို့ပြစီမံအုပ်ချုပ်​ရေးအဖွဲ့မှ Mr. Smogulov Nurasylo တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent