ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်၊ ပေါက်ခေါင်းနှင့် နတ်တလင်းမြို့နယ်တို့တွင် PDF များက ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းတါင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပေါက်တောကျေးရွာနေ ရာအိမ်မှူးဦးဇော်လွင်သည် နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး ရောက်ရှိလာပြီး ဒလန်ဟုပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး ပေါက်တောကျေးရွာတောင်ဘက်ရှိ ပေါက်တော-ရေဖြူကန် လမ်းဆုံအရောက်၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဇော်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ နတ္တလင်းစုကျေးရွာတွင် နေထိုင်သည့် အသက် ၆၀ နှစ်ခန့်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးဝင်းသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒလန်စွပ်စွဲချက်ဖြင့် ပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နတ္တလင်းစုကျေးရွာအနောက်ဘက် တောင်နဝင်းဆည်မြောင်းပေါင်ဘေးအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးစိုးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ရွှေတဲသဲကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၇၀ နှစ်ခန့်ရှိ ဦးရွှေတိုးသည် ၎င်း၏နေအိမ်၌ရှိနေစဉ် ဆိုင်ကယ် သုံးစီးဖြင့် PDF ခြောက်ဦးက ရောက်ရှိလာပြီး ဦးရွှေတိုးအား ဖမ်းဆီးခေါ်ဆောင်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးသွားသည့် အုပ်ချုပ်ရေးမှူးဟောင်းကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ မြို့နယ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိအချို့၊ အရပ်သားအချို့ကို ဒလန်စွပ်စွဲချက်ဖြင့် PDF များက မကြာခဏ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း သိရသည်။















