တရားမဝင် အွန်လိုင်းပေါ်တွင် လိမ်လည်ကြော်ငြာနေသည့် လိုင်စင်မဲ့ဆေးခန်းများ၌ လိပ်ခေါင်းကဲ့သို့ရောဂါများကို ခွဲစိတ်ရာမှ နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သဖြင့် အစိုးရဆေးရုံများနှင့် တရားဝင်ပုဂ္ဂလိကဆေးရုံများတွင် ပြသရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဖော်ဆောင်လျက်ရှိသည့် The Beyond အစီအစဉ်၏ စတုတ္ထမြောက်ခြေလှမ်းအဖြစ် စအိုဝပြဿနာများ၏ နောက်ဆက်တွဲ အခြားတစ်ဖက်ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၃ ရက်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
အဆိုပါ တရားမဝင် ဆေးခန်းများနှင့် အွန်လိုင်းပေါ်မှ လိမ်ညာလျက်ရှိသည့် ဆေးခန်းများကိုလည်း သတင်းရရှိသည့်အခါ အရေးယူလျက်ရှိပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကာ တိုင်ကြားနိုင်ကြောင်း ဒေါက်တာနန္ဒဝင်းက ဆက်လက်ပြောကြားသည်။
ဒေါက်တာနန္ဒဝင်းက '' ပြည်သူလူထုဟာ မိမိမှာ စအိုပိုင်းဖြစ်တဲ့အခါ ရှက်စရာ၊ ကြောက်စရာမဟုတ်ဘူး။ ဒါတွေဟာ ကျန်းမာရေးဆေးခန်းတွေ၊ အစိုးရဆေးခန်းတွေ၊ တရားဝင်ဖွင့်လှစ်ထားတဲ့ အစိုးရဆေးရုံတွေ ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတွေမှာ ပြသပြီးတော့ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် အချိန်တိုတိုနဲ့ မြန်မြန်ပျောက်ကင်းသွားမယ်ဆိုတာကို သိစေချင်တာပါ။ တစ်ချို့သော အကြောင်းအရာတွေက ခွဲစိတ်စရာမလိုပါဘူး။ ဆေးသောက်ရုံနဲ့ တချို့ ကိုယ့်ရဲ့ နေထိုင်မှုပုံသဏ္ဍန်စနစ်ကို ပြောင်းလိုက်ရုံနဲ့ ကောင်းနိုင်မယ့်ရောဂါတွေကို တစ်ခါတစ်လေကျတော့ မတတ်မကျွမ်းတဲ့ ရမ်းကုပေါ့နော်။ အရင်တုန်းက ရမ်းကုဆိုရင် စက်ဘီးစုတ်လေး အိတ်အစုတ်လေးနဲ့ နယ်မှာလိုက်ကုတာကို ရမ်းကုလို့ ထင်ကြတာ။ အခုကျတော့ ရမ်းကုက ပေါ်တင်ကို ရန်ကုန်မြို့ကြီးမှာ လှလှပပနဲ့ ယာယီပေါ့။ ကျွန်တော်တို့ သွားလိုက်ရင် ထွက်ပြေးလိုက်၊ တစ်နေရာမှာ ဆိုင်းဘုတ်လေးတစ်ခုလေး ချိတ်လိုက်နဲ့ အဲဒီလိုမျိုး လိမ်လည်တဲ့ ဆေးခန်းတွေက ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ သတင်းရရင် လိုက်ပြီးတော့ အရေးယူလျက်ရှိပါတယ် "ဟု ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် အူမကြီးနှင့် အစာဟောင်းအိမ်ပိုင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သူရလွင်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာ နိုင်ဝင်းဇော်တို့ကို ပါဝင်၍ စကားဝိုင်းဆွေးနွေးပွဲပုံသဏ္ဍာန် Penal Discussion ပြုလုပ်ခဲ့ပြီး Moderator အဖြစ် ဒေါက်တာ ဥဂ္ဂါဖြိုးက ပါဝင်ဆောင်ရွက်ခဲ့သည်။
"ပြည်သူလူထုက မိမိရဲ့ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းတွေ ထုတ်ဖော်ပြသရတဲ့ စအိုပိုင်းမှာဖြစ်တဲ့ရောဂါတွေမှာ လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာရောဂါ၊ စအိုကွဲရောဂါ၊ စအိုဝပြည်တည်တတ်တဲ့ ရောဂါအနေအထားတွေကို ပြသရမှာ ရှက်တတ်ပါတယ်။ ရှက်တဲ့အနေအထားမှာ အွန်လိုင်းပေါ်မှာ အချို့သော မမှန်ကန်တဲ့ လိမ်ညာမှုတွေရှိတဲ့ ဆေးခန်းဆိုတဲ့နေရာတွေ၊ တိတ်တိတ်ပုန်းနဲ့ လိုင်စင်တင်မထားတဲ့ ဆေးခန်းတွေကို သွားပြကြပါတယ်။ ပြပြီးတော့ အဲဒီလိုနေရာမျိုးမှာ တရားမဝင်တဲ့ ခွဲစိတ်မှုမျိုးတွေ လုပ်လိုက်တဲ့အခါမှာ နောက်ဆက်တွဲက ဆိုးဝါးသွားပါတယ်။ အဲဒီလိုဆိုးဝါးတဲ့ပြဿနာမျိုးတွေ မဖြစ်ရအောင်လို့ ကျွန်တော်တို့ရဲ့ အူမကြီးနဲ့ အစာဟောင်းအိမ်ပိုင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သူရလွင်နဲ့ ဒေါက်တာ နိုင်ဝင်းဇော်တို့နှစ်ယောက်ကို ဖိတ်ခေါ်ပြီးတော့ ဒီနေရာမှာ စကားဝိုင်းဆွေးနွေးပွဲပုံသဏ္ဍန် Penal Discussion ကို ကျွန်တော်တို့ဆောင်ရွက်တဲ့ အခမ်းအနားဖြစ်ပါတယ်" ဟု ဒေါက်တာ နန္ဒဝင်းက ပြောကြားသည်။
ယင်းဆွေးနွေးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စိတ်ပါဝင်စားသည့် ဆရာဝန်များသည် Zoom Application များဖြင့် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စိတ်ပါဝင်စားသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များက ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။















