အွန်လိုင်းလိမ်လည်မှုများဖြင့် အဖမ်းခံထားရသည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန်နှင့် ၎င်း၏သားဖြစ်သူအပါအဝင် ၂၁ ဦးကို တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း Global Times တွင် ဖော်ပြသည်။
စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ ရှန်ဇန်ပြည်နယ်ရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ပယ်စောက်ချိန်နှင့် ၎င်း၏သားဖြစ်သူအပါအဝင် ၂၁ ဦးကို စစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်းတို့ကို လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ ပြည့်တန်ဆာစည်းရုံးမှု၊ တရုတ်နိုင်ငံသားများကို တရားမဝင် ထိန်းသိမ်းမှု၊
နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော်မှု၊ စည်းရုံးမှု၊ မှောင်ခိုကူးခြင်း၊ သယ်ယူခြင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် သက်သေအထောက်အထား အတုအယောင်များကို ပြုလုပ်ပေးခြင်းတို့ဖြင့် တရားစွဲဆိုထားကြောင်း People's Daily ၏ ဖော်ပြချက်ကို ကိုးကားပြီး ယင်းသတင်းတွင် ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်မှ စတင်ပြီး ပယ်စောက်ချိန်မိသားစုမှာ ၎င်း၏လက်နက်ကိုင်အဖွဲ့ အားကိုးဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း၊ ပြင်ပမှ စီးပွားရေးလုပ်ကိုင်သူများကို ဆွဲဆောင်ခဲ့ကာ ၎င်းတို့သည် ဆက်သွယ်ရေးကွန်ရက် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာရမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ တရားမဝင် လောင်းကစားလုပ်ကိုင်မှု၊ အခြားတရားမဝင် နယ်စပ်ဖြတ်ကျော်ရန် စည်းရုံးခြင်းနှင့် ပြည့်တန်ဆာ စည်းရုံးခြင်း သို့မဟုတ် အဓမ္မခိုင်းစေခြင်း အပါအဝင် အမျိုးမျိုးသော ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
လောင်းကစားနှင့် လိမ်လည်မှုတွင် ယွမ်ငွေ ၂၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၈၁ ဘီလီယံ) ကျော်ရှိပြီး တရုတ်နိုင်ငံသား ခြောက်ဦး သေဆုံးကာ အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပယ်စောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချန်မှာ စိတ်ကြွဆေး ၁၁ တန်ခန့်ကို ရောင်းဝယ်ဖောက်ကားခြင်းနှင့် ထုတ်လုပ်ခြင်းတွင် ပါဝင်ပတ်သက်သည်ဟု Global Times က ဖော်ပြသည်။
ပထမဆုံးရုံးချိန်းတွင် အရာရှိများက သက်ဆိုင်ရာအထောက်အထားများကို တင်ပြခဲ့ပြီး တရားခံရှေ့နေများက အပြန်အလှန်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တရားရုံး၏ ညွှန်ကြားမှုအောက်တွင် တရားလိုနှင့် တရားခံနှစ်ဘက်ရှေ့နေများက ၄င်းတို့၏ ထင်မြင်ယူဆချက်များကို အပြည့်အဝဖော်ပြခွင့်ရခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပယ်စောက်ချိန်အပါအဝင် ကျားဖျန့်ခေါင်းဆောင်များကို မြန်မာအစိုးရက ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၃၀ ရက်က တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်ဟုတရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။















