ဥရောပလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးကြန့်ကြာ

ဥရောပလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးကြန့်ကြာ
Published 21 September 2025

ဥရောပတိုက်၏ လေကြောင်းခရီးစဉ်ပြေးဆွဲမှုအများဆုံးဖြစ်သည့် လန်ဒန်၏ ဟီးသရိုးလေဆိပ်အပါအဝင် ဥရောပနိုင်ငံများ၏ အဓိကလေဆိပ်များတွင် စက်တင်ဘာ ၂၀ ရက်က ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့် လေဆိပ်များ၏ ကွန်ပျူတာစနစ်များပြတ်တောက်ခဲ့ကာ လေကြောင်းခရီးစဉ်များရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းတို့ ရှိခဲ့သည်။

ယင်းသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် နောက်ဆုံး ဆိုက်ဘာ တိုက်ခိုက်မှုဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ရေးကဏ္ဍမှအစ လက်လီရောင်းချမှုနှင့် မော်တော်ယာဉ်လုပ်ငန်းတို့အထိ ကဏ္ဍအသီးသီးကို ထိခိုက်စေခဲ့သည်။

မကြာသေးမီက ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဇိမ်ခံကားထုတ်လုပ်သည့် Jaguar Land Rover ကုမ္ပဏီသည် ၎င်းတို့၏ ကားထုတ်လုပ်မှုကို ရပ်တန့်ခဲ့ရသည်။

စက်တင်ဘာ ၂၀ ရက်က ဆိုက်ဘာတိုက်ခိုက်မှုသည် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များ၏ လေကြောင်းလိုင်းများ အတွက် စနစ်များထောက်ပံ့ပေးနေသည့် Collins Aerospace ကုမ္ပဏီ၏ MUSE ဆော့ဖ်ဝဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Collins Aerospace ၏ မိခင်ကုမ္ပဏီဖြစ်သည့် RTX ကလည်း လေဆိပ်အချို့ရှိ ဆော့ဖ်ဝဲများတွင် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ဆက်နွှယ်သည့် ပြတ်တောက်မှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရသည့် လေဆိပ်များအနက် ဟီးသရိုး၊ ဘရပ်ဆဲလ်နှင့် ဘာလင်လေဆိပ်များလည်း ပါဝင်ခဲ့သည်။ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ထိုလေဆိပ် သုံးခုတွင် ဆိုက်ရောက်နှင့် ထွက်ခွာ လေကြောင်းခရီးစဉ် ၂၉ ခုကို ဖျက်သိမ်းခဲ့ရကြောင်း လေကြောင်းလိုင်းအချက်အလက်များထုတ်ပြန်သည့် Cirium ကုမ္ပဏီက ပြောကြားခဲ့သည်။

Ref:Reuters

Most Read

Most Recent