ပခုက္ကူမြို့နယ် သိမ်ကုန်းနှင့် မရိုးကုန်းကျေးရွာမှာ ယခုစက်တင်ဘာလ တတိယပတ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ထပ်မံဖြစ်ပေါ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် ၁၀ လုံးကျော် ထပ်မံရွှေ့ပြောင်းရကြောင်း သိရသည်။
ရွှေ့ပြောင်းထားရသည့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များမှာ ပြန်လည်တည်ဆောက်ရန် မြေနေရာ မရရှိိသေးသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ကမ်းပြိုတာ မြန်တော့ ကျောင်းမြေပါကုန်ပြီ။ ချက်ခြင်းရွှေ့နေရတယ်။ လူနေအိမ်ရော ဘုန်းကြီးကျောင်းရော ဝိုင်းဖျက် ဝိုင်းရွှေ့လုပ်နေကြတယ်။ လတ်တလော မြေမရသေးတော့ တစ်ခြားရွာ ဘုန်းကြီးကျောင်းတွေမှာ သွားပုံထားရတယ်။ လူနေအိမ်တွေလည်း ဒီတိုင်းပဲ အနီးနားရွာက အမျိုးတွေဆီ အိမ်ဖျက်ထားတာတွေ သွားပုံရတယ်” ဟု သိမ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဦးအဓိကက မိန့်ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလပထမပတ်တွင်လည်း ကမ်းပြိုမှုကြောင့် နေအိမ်အလုံး ၂၀ နီးပါးရွှေ့ပြောင်းထားရပြီး သိမ်ကုန်းနှင့် မရိုးကူန်းကျေးရွာမှ အများစုမှာ မြေနေရာ မရှိသေးကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ကပဲ အမေ့အိမ်နဲ့ ကမ်းပါးကပ်နေလို့ သွားရွှေ့ရတယ်။ ရွှေ့ပြီးနောက်ရက် အိမ်နေရာထိ ပြိုသွားတာပဲ။ ရေက တက်လိုက်ကျလိုက်ဆိုတော့ ကမ်းပါးပြိုတာ ပိုဆိုးတယ်။ ကျန်အိမ်တွေလည်း အနှေးနဲ့ အမြန်ရွှေ့ရမှာပဲ” ဟု သွားရောက်ကူညီခဲ့သည့် ပခုက္ကူမြို့ခံတစ်ဦး ကပြောသည်။
ပခုက္ကူမြို့နယ် မြင်းကျွန်အုပ်စုရှိ မြင်းကျွန်း၊ သိမ်ကုန်းနှင့် မရိုးကုန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ကြုံတွေ့နေရပြီး မြင်းကျွန်းကျေးရွာမှာ ရွာလုံးကျွတ် ရွှေ့ပြောင်းရပြီးဖြစ်ကြောင်း သိရသည်။















