မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် ရစ်ချ်တာစကေး ၄ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် ရစ်ချ်တာစကေး ၄ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်
Published 24 August 2025

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၄ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အခြားပြည်နယ်အများအပြားတွင်လည်း တုန်ခါမှုကို ခံစားခဲ့ရကြောင်း သိရသည်။

ဩဂုတ် ၂၄ ရက်တွင် ဆီဂါမက်မြို့အနောက်ပိုင်း ငါးကီလိုမီတာခန့်အကွာ၌ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မလေးရှားမိုးလေဝသဌာန (MetMalaysia) က ၎င်း၏ Facebook တွင် ဖော်ပြထားသည်။

ဂျိုဟိုး၊ နီဂီရီဆမ်ဘီလန်၊ မီလာကာနှင့် တောင်ပိုင်းပီဟန်းပြည်နယ်များတွင်လည်း တုန်ခါမှုကို ခံစားခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။

ဒုတိယအကြိမ် အပျော့စားငလျင်တစ်ခုသည် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ထပ်မံလှုပ်ခတ်ခဲ့သည်။

ပထမအကြိမ်ငလျင်လှုပ်ခတ်ခဲ့သော နေရာတွင် ရစ်ချ်တာစကေး ၂ ဒသမ ၈ ပြင်းအားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်ဟု MetMalaysia တွင်ဖော်ပြထားသည်။

ပထမအကြိမ် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီအန္တရာယ်ရှိ မရှိ ဆက်လက်စောင့်ကြည့်သွားမည်ဟု MetMalaysia က ထုတ်ပြန်ထားသည်။

ဆီဂါမက်မြို့တွင် မတော်တဆမှု သို့မဟုတ် ပိုင်ဆိုင်မှုပစ္စည်းများပျက်စီးမှုနှင့်ပတ်သက်ပြီး သတင်းထွက်ပေါ်လာခြင်းမရှိကြောင်း ဂျိုဟိုးပြည်နယ်ဝန်ကြီးချုပ် အွန်းဟာဖစ်ဇ်ဂါဇီက Facebook တွင် ရေးသားခဲ့သည်။

Ref:CNA

Most Read

Most Recent