■ မြန်မာ့ကမ်းရိုးတန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ပါ ခံစားခဲ့ရ

■ မြန်မာ့ကမ်းရိုးတန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ပါ ခံစားခဲ့ရ
Published 21 August 2025

မြန်မာ့ကမ်းရိုးတန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ပါ ခံစားခဲ့ရသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

အဆိုပါငလျင်သည် နံနက် ၉ နာရီ ၅၈ မိနစ်တွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄ ရှိပြီး မြေအောက် ၁၀ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ ငလျင်စောင့်ကြည့်ရေးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ငလျင်ဗဟိုချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်ခရိုင် အနောက်တောင်ဘက် ၂၁၁ ကီလိုမီတာအကွာ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ကြောင်း အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြေငလျင်စောင့်ကြည့်ရေးဌာနမှ ယာယီညွှန်ကြားရေးမှူး နတ်သာဝုဒ်ဒန်ဒီက ပြောကြားသည်။

အဆိုပါငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ရှားခဲ့ခြင်းကြောင့်ဖြစ်နိုင်ပြီး မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

သြဂုတ် ၂၁ ရက် နံနက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မီးချောင်းများ လှုပ်ခတ်ကာ မူးဝေခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ အများစုမှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားချိန်တွင် အထပ် ၁၀ ထပ်ကျော်တွင် နေထိုင်သူများဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Din Daeng ခရိုင်တွင် အလုပ်သမားဝန်ကြီးဌာန အိမ်ရာ အဆောက်အအုံအတွင်း တုန်ခါမှု ခံစားခဲ့ရပြီး အလုပ်သမားများ အပြင်သို့ ထွက်ပြေးခဲ့သည်။

ချူလာလောင်ကွန်းတက္ကသိုလ် ဘူမိဗေဒ ပါမောက္ခ Santi Pailoplee က ငလျင်သည် မပြင်းထန်ကြောင်းနှင့် လူများအထိတ်တလန့် မဖြစ်စေရန် အကြံပြုထားပြီး ထိုင်းနိုင်ငံသည် ပြတ်ရွေ့ကြောပေါ်တွင် ရှိနေသောကြောင့် ငလျင်ဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီငလျင်က ပြတ်ရွေ့ရဲ့ ပုံမှန်လှုပ်ရှားမှုပါပဲ” ဟု ချူလာလောင်ကွန်းတက္ကသိုလ် ဘူမိဗေဒ ပါမောက္ခ Santi Pailoplee က ပြောကြားသည်။

သြဂုတ် ၂၁ ရက် မြန်မာစံတော်ချိန် ၉ နာရီ၊ ၂၈ မိနစ်ခန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၂ ဒီဂရီ၊ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်းရှိ လသာ၊ ကျောက်တံတား၊ မြောက်ဒဂုံ၊ ဗဟန်း၊ ကြည့်မြင်တိုင် အစရှိသည့်မြို့နယ်များတွင် နေထိုင်သူများ သိသိသာသာခံစားခဲ့ရသည်။

Most Read

Most Recent