ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် “၀” ဒေသနှင့် မိုင်းလားဒေသများသို့ အဆိုပါအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များသည် သြဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် မိုင်းပေါက်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် မိုင်းပေါက်ခရိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသတွင်း သတင်းဌာနဖြစ်သည့် Wa News Land ၏ သတင်းဖော်ပြချက်အရ သိရသည်။
ယင်းနေ့တွင်ပင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များသည် “၀” အဖွဲ့ ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့သို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။
ပန်ဆန်းမြို့တွင် ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် “၀” အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်အား ဖော်ပြထားခြင်းမရှိသော်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်အရ ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် အမျိုးသားပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း Wa News Land ၏ သတင်းတွင် ဖော်ပြထားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန့်ရှုဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းအရှေ့မှ တြိဂံတိုင်းစစ်ဒေသ တိုင်းမှူး၊ လုံခြုံရေးဝန်ကြီး ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ရဲတပ်ဖွဲ့မှူး ဦးနေမိုးထွန်းတို့အပြင် ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
“၀” အဖွဲ့မှ ဗဟိုကော်မတီခေါင်းဆောင်များဖြစ်ကြသည့် Zhao Zhongdan၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ် ပူးတွဲစစ်ဦးစီးချုပ်ရုံး ဦးစီးမှူး Zhao Guoan၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးဝန်ကြီး Luo Yaku အစရှိသည့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များသည် သြဂုတ် ၇ ရက်တွင်ပင် ပန်ဆန်းမြို့မှ ထွက်ခွာ၍ ရှမ်းပြည်နယ် (အရှေ့) ပိုင်း အထူးဒေသ (၄) မိုင်းလားသို့ ဆက်လက် သွားရောက်ပြီး မိုင်းလားအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ “၀” ဒေသနှင့် မိုင်းလားဒေသသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များ လာရောက်ခြင်းသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။















