မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားသစ် အမ်ဘူမိုက သူတို့အသင်း ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေမှာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့ အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး လက်ရှိမှာ အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုတို့ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အသက် (၂၉) နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပရီးမီးယားလိဂ် (၁၈၄) ပွဲမှာ (၇၅) ဂိုးသွင်းယူထားပြီး သက်သေပြထားပြီးဖြစ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ပိုရေပန်းစားနေတယ်လို့ သိရပါတယ်။
အခု ဘရန့်ဖို့ဒ်အသင်းမှာ ဝက်ကင်စ်နဲ့အတူ တွဲဖက်ကစားခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားသစ် အမ်ဘူမိုက ဝက်ကင်စ်ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
အမ်ဘူမိုက "အီလီ(ဝက်ကင်စ်)က ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးပါ။ သူက အများကြီးလုပ်ပြနိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်ထိ ဆင်းပြီး ဘောလုံးယူနိုင်သလို လိုအပ်ရင် ခံစစ်ကိုပါ ဆင်းကူနိုင်သူပါ။ ကျွန်တော်လို တောင်ပံကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ နေရာလွတ်တွေကို ဖြည့်ကစားပေးနိုင်တဲ့ သူ့လိုကစားသမားမျိုးနဲ့ တွဲဖက်ကစားရတာ အရမ်းကောင်းပါတယ်။ ပြီးတော့ သူက ကစားသမားတိုင်းနဲ့ တွဲဖက်ကစားနိုင်သူပါ။ ဒါက တကယ်ကိုကောင်းပါတယ်"လို့ ပြောကြားခဲ့တာပါ။
အမ်ဘူမိုဟာ ဝက်ကင်စ်နဲ့ ၂၀၁၉-၂၀ ရာသီက ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှာ အတူတွဲဖက်ကစားခဲ့ဖူးပြီး အခု မန်ချက်စတာယူနိုက်တက်အသင်းမှာ သူတို့နှစ်ယောက် ပြန်လည်တွဲဖက်ကစားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။















