မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား မက်ဂွိုင်းရားက သူ့ရဲ့ပုဂ္ဂိုလ်ရေးပြဿနာကို ဖြေရှင်းပြီးဖြစ်လို့ အမေရိကန်မှာ အသင်းနဲ့ ပူးပေါင်းသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၂၅-၂၆ ရာသီကြိုခရီးစဉ်အဖြစ် ဇူလိုင် (၂၂) ရက်က အမေရိကန်နိုင်ငံကို ထွက်ခွာခဲ့ပြီး မက်ဂွိုင်းရားဟာ ပုဂ္ဂိုလ်ရေးပြဿနာကြောင့် အသင်းနဲ့အတူ လိုက်ပါသွားနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ မက်ဂွိုင်းရားအနေနဲ့ အခုအခါ ပုဂ္ဂိုလ်ရေးပြဿနာကို ဖြေရှင်းပြီးဖြစ်လို့ အမေရိကန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
မက်ဂွိုင်းရားက "အခု အားလုံး အဆင်ပြေသွားပါပြီ။ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဟူးနေ့(ယနေ့) အမေရိကန်နိုင်ငံကို သွားရောက်ပြီး အသင်းနဲ့ ပူးပေါင်းသွားမှာပါ။ ကျွန်တော့်အတွက် စိတ်ပူပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်"လို့ သူ့ရဲ့ Instagram story ရေးတင်ခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် Summer Series ပြိုင်ပွဲအဖြစ် အမေရိကန်နိုင်ငံမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ်ဟာ အဲဒီပြိုင်ပွဲအတွက် ကစားသမား (၃၂) ဦး ခေါ်ယူသွားခဲ့ပြီး အရောင်းစာရင်းတင်ခံရထားတဲ့ ဂါနာချို၊ အန်တိုနီ၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ မာလာစီယာတို့လို ကစားသမားတွေတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။















