■ သထုံမြို့နှင့် မော်လမြိုင်မြို့တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

■ သထုံမြို့နှင့် မော်လမြိုင်မြို့တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
Published 12 July 2025

သထုံမြို့နှင့် မော်လမြိုင်မြို့တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က သထုံမြို့ ဘင်လှိုင်ရပ်ကွက် အောက်လမ်းနေ အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရေပြည့်နေသည့် ရေအိုင်ထဲ လမ်းလျှောက်သွားစဉ် ရေနက်သောနေရာသို့ ကျရောက်သွားကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မိုးရွာထားတော့ ချိုင့်တွေ၊ မြောင်းတွေထဲ ရေက ပြည့်နေတာကို သတိမထားမိဘဲ မြောင်းကိုကျော်ပြီးတော့ တစ်အိမ်ကို သွားတဲ့အချိန်မှာ ရေနက်တဲ့ ရေအိုင်ထဲကို ကျသွားပြီး ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်” ဟု ပြောကြားသည်။

ရေအိုင်ထဲ ရေနစ်သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား အကြင်နာတွဲလက် လူမှုကူညီကယ်ဆယ်ရေးအသင်း (သထုံ) မှ ညနေ ၅ နာရီအချိန်ခန့်တွင် ဆယ်ယူနိုင်ခဲ့ပြီးနောက် သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းကလည်း မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အုတ်ဖိုလမ်းရှိ အခြေခံပညာမူလတန်းကျောင်းအနောက်ဘက်ရှိ ရေကန်အတွင်း ရေဆင်းကူးသည့် အသက် (၁၆) နှစ်အရွယ် ယောကျင်္ားလေးတစ်ဦးမှာလည်း ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သည့် ယောကျင်္ားလေး၏ ရုပ်အလောင်းအား ရာမည အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတဟံသာ မွန်လူငယ်များအဖွဲ့ (Diver Team) တို့မှ ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

Photo Credit - အကြင်နာတွဲလက် Rescue ၊ ရာမည Rescue

Most Read

Most Recent