စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်( EFF-2025) တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ယနေ့(ဇွန် ၂၅ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Lukashevich Sergey Vladimirovich၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် မင့်စ်မြိုရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်ကြခြင်းဖြစ်သည်။
လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ်လာရောက်ခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union- EAEU အဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို သွားရောက်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်များအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။















