Air India ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် အသက်ရှင်သူရှိပုံမရဟု အာဘတ်ဒါဘတ်မြို့ရဲချုပ် ပြောကြား

Air India ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် အသက်ရှင်သူရှိပုံမရဟု အာဘတ်ဒါဘတ်မြို့ရဲချုပ် ပြောကြား
■ photos: AP 
■ photos: AP 
Published 12 June 2025

ဇွန် ၁၂ ရက်က ဂူဂျာရတ်ပြည်နယ် ၊ အာဘတ်ဒါဘတ်မြို့မှ လန်ဒန်သို့ဦးတည်ပျံသန်းမည့် Air India လေကြောင်းလိုင်းပိုင် ဘိုးအင်းလေယာဉ် ပျက်ကျမှုတွင် အသက်ရှင်သူရှိပုံမရဟု အာဘတ်ဒါဘတ်မြို့၏ရဲချုပ် G.S. Malik က AP သတင်းဌာနကိုပြောသည်။

လေယာဉ်က လူနေဧရိယာအတွင်းပျက်ကျခဲ့သည့်အတွက် မြို့ခံအချို့သေဆုံးလိမ့်မည်ဖြစ်ကြောင်းနှင့် သေဆုံးသူအရေအတွက်ကို ဖော်ထုတ်နေဆဲဖြစ်ကြောင်းလည်း ရဲချုပ်ကပြောသည်။ 

လေယာဉ်ပေါ်တွင် နို့စို့အရွယ်ကလေးနှစ်ဦး အပါအဝင် ခရီးသည် ၂၃၂ ဦး ၊ လေယာဉ်အမှုထမ်း ၁၀ ဦး စုစုပေါင်း ၂၄၂ လိုက်ပါသွားကာ အာဘတ်ဒါဘတ်လေဆိပ်မှ နေ့လည် ၁ နာရီ ၃၉ မိနစ်တွင် ပျံတက်သွားပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

Air India အဆိုအရ လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ခုနစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့လိုက်ပါလာသည်။

အိန္ဒိယသတင်းများက လေယာဉ်သည် ဘီဂျေဆေးကောလိပ်အဆောင်ပေါ် ပျက်ကျခဲ့ပြီး ဆေးကျောင်းသားအများအပြားလည်း သေဆုံးခဲ့ဖွယ်ရှိသည်ဟု ဖော်ပြနေကြသည်။ အိန္ဒိယဆေးဘက်ဆိုင်ရာအသင်းချုပ်အဆိုအရ ဆေးကျောင်းသား ၅၀-၆၀ ခန့် ဆေးရုံပို့လိုက်ရသည်။

မပျက်ကျမီ လေယာဉ်မှူးက အာဘတ်ဒါဘတ်လေကြောင်းထိန်းချုပ်ရေးဌာနသို့ အရေးပေါ်အကူအညီ တောင်းခဲ့သေးသည်။ ယင်းသို့အကူအညီတောင်းပြီးနောက် လေယာဉ်ဆီမှ နောက်ထပ်အဆက်အသွယ် မရတော့ပေ။

လေကြောင်းခရီးစဉ်များကို ခြေရာခံသည့် Flightradar24 အဆိုအရ လေယာဉ်ပျံတက်ပြီး တစ်မိနစ်အတွင်း လေယာဉ်အချက်ပြမှု ပျောက်သွားခဲ့သည်။

ဘိုးအင်းကုမ္ပဏီက Air India နှင့် ဆက်သွယ်လျက်ရှိပြီး အကူအညီပေးရန်အသင့်ဟု ထုတ်ပြန်ထားသည်။လေယာဉ်က ယူကေ၏ ဒုတိယမြောက်အစည်ကားဆုံးလေဆိပ်ဖြစ်သည့် Gatwick လေဆိပ်တွင်ဆင်းသက်မည့် လေယာဉ်ဖြစ်သည်။

လေယာဉ်ပျက်ကျမှုဖြစ်ပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ဗြိတိန်နိုင်ငံသားများနှင့် ၎င်းတို့မိသားစုဝင်များကို အကူအညီပေးနိုင်ရေး အရေးပေါ်ဆောင်ရွက်နေကြောင်းနှင့် ဒေလီနှင့်လန်ဒန်တွင်  အရေးပေါ်စီမံရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။အမေရိကန်အစိုးရကလည်း ကူညီရေးအဖွဲ့လွှတ်ပေးရန် အသင့်ဟု ကမ်းလှမ်းထားသည်။

အိန္ဒိယတွင် အဆိုးဆုံးလေကြောင်းမတော်တဆမှုက ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သည်။ ဆော်ဒီအာရေဗျလေကြောင်းလိုင်းပိုင်လေယာဉ်နှင့်  ကာဇက်စတန်လေကြောင်းလိုင်းပိုင်လေယာဉ်တို့ ဟာယာနာပြည်နယ်တွင် ပျံသန်းနေရင်း တိုက်မိခဲ့ပြီး လေယာဉ်နှစ်စင်းတွင်လိုက်ပါလာသူ ၃၄၉ ဦးစလုံး သေဆုံးခဲ့သည်။

■ Ref: AP

Most Read

Most Recent