ပရီးမီးယားလိဂ်၏ ၂၀၂၄-၂၅ ရာသီ အကောင်းဆုံးသွင်းဂိုးဆုကို အိုမာမာမွတ်ရှ်၊ အကောင်းဆုံးကာကွယ်မှုဆုကို မာတီနက်ဇ် ရရှိ

ပရီးမီးယားလိဂ်၏ ၂၀၂၄-၂၅ ရာသီ အကောင်းဆုံးသွင်းဂိုးဆုကို အိုမာမာမွတ်ရှ်၊ အကောင်းဆုံးကာကွယ်မှုဆုကို မာတီနက်ဇ် ရရှိ
Photo: Premier League
Photo: Premier League
Published 2 June 2025

ပရီးမီးယားလိဂ်၏ ၂၀၂၄-၂၅ ရာသီ အကောင်းဆုံးသွင်းဂိုးဆု(Goal of the Season)ကို မန်စီးတီးတိုက်စစ်မှူး အိုမာမာမွတ်ရှ် ရရှိခဲ့ပြီး အကောင်းဆုံးကာကွယ်မှုဆု(Save of the Season)ကို အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ် ရရှိခဲ့သည်။

အဆိုပါဆုများကို ဘောလုံးကျွမ်းကျင်သူများနှင့် ပရိသတ်၏ဆန္ဒမဲ ပေါင်းစပ်၍ ရွေးချယ်ခြင်းဖြစ်ပြီး အိုမာမာမွတ်ရှ်သည် ဘုန်းမောက်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် သွင်းယူခဲ့သည့်ဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ခြင်းဖြစ်သည်။

ယခုဆုကို ၂၀၁၆-၁၇ ရာသီတွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မာမွတ်ရှ်သည် မန်စီးတီးကစားသမားများထဲမှ ပထမဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အကောင်းဆုံးကာကွယ်မှုဆုကို မာတီနက်ဇ်က ဒီဇင်ဘာလအတွင်း နော်တင်ဟမ်ဖောရက်စ်အသင်းအား (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ဒိုမင်ဂွက်ဇ်၏ အနီးကပ်ခေါင်းတိုက်ချက်အား ကာကွယ်မှုဖြင့် ရရှိခဲ့သည်။

ပရီးမီးယားလိဂ်၏ အကောင်းဆုံးကာကွယ်မှုဆုကို ၂၀၂၁-၂၂ ရာသီတွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မာတီနက်ဇ်အနေဖြင့် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်၏ Comeback ဆုကို မန်ယူအသင်းက (မန်စီးတီး ၁-၂ မန်ယူ)ပွဲဖြင့် ရရှိခဲ့ပြီး အရှိန်အပြင်းဆုံးသွင်းဂိုးဆုကို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်က လီဗာပူးလ်နှင့် (၃-၃)ဂိုးဖြင့် သရေကျခဲ့သောပွဲမှ သွင်းဂိုးဖြင့် ရရှိခဲ့သည်။

အီဆက်ခ်၏ သွင်းဂိုးမှာ တစ်နာရီလျှင် (၁၀၈.၉၄) ကီလိုမီတာနှုန်းရှိခဲ့သဖြင့် ယခုရာသီ၏ အရှိန်အပြင်းဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent