၇၂ နှစ်ကြာ မယ်ကမ္ဘာပြိုင်ပွဲသမိုင်းတစ်လျှောက် ထိုင်းအလှမယ်က ပထမဆုံးအကြိမ် သရဖူဆွတ်ခူး

၇၂ နှစ်ကြာ မယ်ကမ္ဘာပြိုင်ပွဲသမိုင်းတစ်လျှောက် ထိုင်းအလှမယ်က ပထမဆုံးအကြိမ် သရဖူဆွတ်ခူး
Photos: Miss World
Photos: Miss World
Published 1 June 2025

မေ ၃၁ ရက်ကကျင်းပသည့် ၂၀၂၅ ခုနှစ် မယ်ကမ္ဘာပြိုင်ပွဲတွင် Winner ဆုကို အသက် ၂၁ နှစ်အရွယ်ရှိ ထိုင်းအလှမယ် အိုပယ်ဆူချာတာချောင်ဆရီက ဆွတ်ခူးရယူလိုက်ပြီး ပြိုင်ပွဲကျင်းပလာသည့် ၇၂ နှစ်ကြာ သမိုင်းတစ်လျှောက် ထိုင်းနိုင်ငံက ပထမဆုံးအကြိမ် သရဖူရရှိသွားခြင်းဖြစ်သည်။

၂၀၂၄ မယ်ကမ္ဘာပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင်ကျင်းပခဲ့ပြီး ယခုနှစ်ပွဲကိုလည်း အိန္ဒိယကပင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ ထိုင်းအလှမယ်အိုပယ်က အခြားအလှမယ် ၁၀၇ ဦးကိုကျော်တက်ကာ အနိုင်ရဗိုလ်စွဲခဲ့ပြီး ၂၀၂၄ မယ်ကမ္ဘာဆုရှင် ချက်အလှမယ်ထံမှ သရဖူကို လွှဲပြောင်းရယူခဲ့သည်။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံမှ Top 40 အလှမယ်များကို ရွေးထုတ်ပြီးသည့်နောက် အမေရိကနှင့် ကာရေဘီယန်အုပ်စု၊ အာဖရိကအုပ်စု ၊ ဥရောပအုပ်စု ၊ အာရှနှင့် အိုရှန်းနီးယားအုပ်စုဆိုပြီး အလှမယ် ၁၀ ဦးစီဖြင့် အုပ်စုလေးစုခွဲလိုက်သည်။

ထို့နောက် Top 20 ၊ Top 8 အလှမယ်များကို ဆက်လက်ရွေးထုတ်ခဲ့သည်။ Top 8 အလှမယ်များ အမေးအဖြေကဏ္ဍ ယှဉ်ပြိုင်ပြီးသည့်နောက် တိုက်ကြီးအလိုက် ဆန်ခါတင်လေးဦးထွက်ပေါ်လာခဲ့သည်။ ဆန်ခါတင်လေးဦးတွင် မာတီနီ ၊ အီသီယိုးပီးယား ၊ ပိုလန်နှင့် ထိုင်းအလှမယ်တို့ ပါဝင်လာသည်။

ထိုလေးဦးက နောက်ဆုံးမေးခွန်းကိုဖြေကြရပြီး အိုပယ်ကို အိန္ဒိယရုပ်ရှင်မင်းသား ဆိုနူဆုက မေးခွန်းမေးခဲ့သည်။

ဖိုင်နယ်ယှဉ်ပြိုင်မှုတွင် အီသီယိုးပီးယားအလှမယ်က first runner-up ဆု ၊ ပိုလန်အလှမယ်က second runner-up ဆု ၊ မာတီနီအလှမယ်က third runner-up ဆုတို့ ရရှိခဲ့သည်။

အိုပယ်သည် ဖူးခက်ဇာတိဖြစ်ပြီး ဟိုတယ်လုပ်ငန်းလုပ်ကိုင်သည့်မိသားစုမှ မွေးဖွားလာသည်။အခြားထိုင်းအလှမယ်များကဲ့သို့ ကပြားမျိုးရိုးမဟုတ်သော်လည်း အိုပယ်သည် ငယ်စဉ်ကတည်းက အင်တာနေရှင်နယ်ကျောင်းများ တက်ခဲ့သည့်အတွက် အင်္ဂလိပ်စကားကျွမ်းကျင်သည်။ ဘန်ကောက်ကျောင်းတွင် တရုတ်စာအထူးပြုသင်ယူခဲ့သည့်အတွက် တရုတ်စကားလည်း ကျွမ်းကျင်သည်။

လက်ရှိတွင် အိုပယ်သည် ထမားဆက်တက္ကသိုလ်ရှိ နိုင်ငံရေးသိပ္ပံဌာနတွင် နိုင်ငံတကာဆက်ဆံရေးပညာကို သင်ယူလျက်ရှိသည်။အိုပယ်၏အနာဂတ်ရည်မှန်းချက်က သံအမတ်ဖြစ်လာရန်ဖြစ်သည်။

Ref: The Nation Thailand

Photos: Miss World

Most Read

Most Recent