မန်စီးတီးအသင်းသည် လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီအား ခေါ်ယူရန်စောင့်ကြည့်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် အသင်းနှင့်လမ်းခွဲခဲ့သည့် ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်းနား၏နေရာတွင် အစားထိုးရန်အတွက် ကစားသမားတစ်ဦး ရှာဖွေလျက်ရှိသည်။
မန်စီးတီးအသင်းသည် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် လက်လျှော့ခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ယခုအခါ ပြောင်းရွှေ့ကြေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်မည့် လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီအား ခေါ်ယူရန်စိတ်ဝင်စားလာခြင်းဖြစ်သည်။
အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ချာကီသည် ယခုနွေတွင် လိုင်ယွန်အသင်းမှထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။
၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင်သန်း (၂၀) နှင့် ပေါင် (၂၅)သန်းကြားသာရှိကြောင်း သတင်းထွက်နေသည်။
ထို့ကြောင့် ၎င်းအား ခေါ်ယူရန် မန်ယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေကြပြီး ယခုအခါ မန်စီးတီးအသင်းကပါ ၎င်းကိုခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်သည်။















