သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ မိုးကောင်းစေတီအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ ဒေသအခေါ်မိုးကောင်းတံတား ဒုတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၃ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ််ခန့်က အဆိုပါ မိုးကာင်းတံတားမှာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး "ပထမအကြိမ် မိုင်းခွဲခံရတုန်းကထက် အခုတစ်ခါက ပိုပြင်းတယ်။ ပြင်ပြန်ထားတဲ့ တံတားတစ်စင်းလုံး ပျက်ဆီးသွားတယ်" ဟု ပြောကြားသည်။
လတ်တလော ရန်ကုန် - မော်လမြိုင်ကားလမ်းကြောင်း အဆက်အသွယ် ပြတ်တောက်နေသော်လည်း ပေါင် - သထုံ - ဘီးလင်း ခရိုင်ချင်းဆက်လမ်းမှ မော်တော်ယာဉ်များ သွားလာနိုင်သေးကြောင်း နှင့် ကျေးရွာချင်းဆက်လမ်းများမှလည်း သွားလာနိုင်ကြောင်း ၎င်းဒေသခံက ဆိုသည်။
"မနေ့ညက မိုးရွာတော့ ရွာလမ်းတွေတော့ လမ်းပျက်နိုင်လို့ သတိပြုပြီး သွားလာကြဖို့လိုပါတယ်" ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် မနက် ၃ နာရီခွဲခန့်က သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ မိုးကောင်းစေတီအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇) (၁၃၆/၀) ကြားရှိ တံတားအမှတ် (၄/၁၃၆) မိုးကောင်းတံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း နှင့် ပေါက်ကွဲမှုကြောင့် အလျား (၃၇) ပေခန့်၊ အကျယ် (၄၈) ပေခန့်ရှိ တံတားမှာ လုံးဝပျက်ဆီးသွားသည့်အပြင် တံတားအနီးဝန်းကျင်ရှိ နေအိမ်တစ်လုံး နှင့် ဈေးဆိုင်ခန်းအများအပြား ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။















