အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အိန္ဒိယနိုင်ငံကိုအလည်လာသော အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်တို့သွင်းကုန်စည်းကြပ်ခွန်ကိစ္စများ ဆွေးနွေးရာတွင် တိုးတက်မှုရရှိ

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အိန္ဒိယနိုင်ငံကိုအလည်လာသော အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်တို့သွင်းကုန်စည်းကြပ်ခွန်ကိစ္စများ ဆွေးနွေးရာတွင် တိုးတက်မှုရရှိ
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ နယူးဒေလီအိမ်တော်၌ ဂျေဒီဗန့်နှင့် မိုဒီတို့ ဆွေးနွေးနေပုံကို ဧပြီ ၂၁ ရက်တွင် တွေ့ရစဉ် (Photo: AFP)
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ နယူးဒေလီအိမ်တော်၌ ဂျေဒီဗန့်နှင့် မိုဒီတို့ ဆွေးနွေးနေပုံကို ဧပြီ ၂၁ ရက်တွင် တွေ့ရစဉ် (Photo: AFP)
Published 22 April 2025

အပြစ်ပေးသည့်သဘောသက်ရောက်သော သွင်းကုန်စည်းကြပ်ခွန်များ ကောက်ခံမှုကို ရှောင်လွှဲရန် အချိန်ကာလစောသော ကုန်သွယ်ရေးသဘောတူညီချက်အတွက် ကြိုးပမ်းလျက်ရှိသော အိန္ဒိယက အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်ကို နယူးဒေလီမြို့၌ ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ပြီးနောက် ဧပြီ ၂၁ ရက်တွင် ဂျေဒီဗန့်က အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် တွေ့ဆုံခဲ့သည်။

ကုန်သွယ်ရေးသဘောတူညီချက်၏ ပထမအပိုင်းကို နှစ်နိုင်ငံဆွေးနွေးနေခြင်းနှင့်အတူ ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် ထင်သာမြင်သာ တိုးတက်မှုရှိနေသည်ဟု မိုဒီ၏ရုံးက ထုတ်ပြန်ခဲ့သည်။

ယခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြေညာခဲ့သော များပြားလှသည့် စည်းကြပ်ခွန်များကို ရက် ၉၀ ရပ်ဆိုင်း၍ သက်သာခွင့်ရရှိစေရေး နယူးဒေလီက မျှော်မှန်းနေသည်။

ဗန့်၏ရုံးကလည်း ဆွေးနွေးမှုများ တိုးတက်မှုရရှိကြောင်း အလားတူအားဖြင့် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့နှစ်ဦးက စီးပွားရေးဆိုင်ရာဆွေးနွေးမှုများကို မည်သို့ဆောင်ရွက်မည်ဆိုသည့် လမ်းပြမြေပုံတစ်ရပ်ကို ထူထောင် ခဲ့ကြသည်ဟုလည်း ဗန့်၏ရုံးက ထုတ်ပြန်ခဲ့သည်။

မိုဒီက အိမ်ဖြူတော်တွင် ထရန့်နှင့်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် နှစ်လအကြာတွင် အမေရိကန်ဒုတိယသမ္မတ၏ လေးရက်ကြာ အိန္ဒိယခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မိုဒီသည် အိမ်ဖြူတော်တွင် ထရန့်နှင့် ဆွေးနွေးခဲ့စဉ်က အမေရိကန်နှင့်ကုန်သွယ်ရာ၌ အိန္ဒိယ၏ကုန်သွယ်ရေးပိုလျှံမှုကို ခုနှိမ်ရေးအတွက် အိန္ဒိယက အမေရိကန်ထံမှ ရေနံနှင့်ဓာတ်ငွေ့တို့ကို ဝယ်ယူရန် ကတိပြုထားခဲ့သည်။

အိန္ဒိယက ယင်းသို့ ကတိပြုထားသည့်တိုင် ထရန့်က အိန္ဒိယကို စည်းကြပ်ခွန် ၂၆ ရာခိုင်နှုန်းကောက်ခံခြင်းအား နယူးဒေလီက တားဆီးနိုင်ခြင်းမရှိပေ။ နောက်ပိုင်းတွင်  ရက် ၉၀ ကာလအတွင်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံမည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

ဒီဂျေဗန့်က ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ချစ်ချစ်တောက်ပူနေသော နယူးဒေလီ၏ နေရောင်ထဲ လှမ်းထွက်လာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့နှင့် အကအဖွဲ့တို့က ဗန့်ကိုကြိုဆိုခဲ့သည်။ လေးရက်ကြာခရီး၏အစတွင် ဗန့်သည် သမိုင်းဝင်ခံတပ်မြို့ဖြစ်သော ဂျိုင်ပါးနှင့် တပ်ဂျ်မဟာတို့ကို သွားမည့်ခရီးများပါဝင်သည်။

အိန္ဒိယရုပ်သံလွှင့်ဌာန NDTV က သတင်းခေါင်းစဉ်တပ်ရာတွင် JD Vance ၏ အမည်ကိုယူကာ Ad-Vance-ing US-India ties ဟု လှလှပပ ရေးသားခဲ့သည်။

ဧပြီ ၂၁ ရက်ညနေပိုင်းတွင် အိမ်တော်ကကြိုဆိုခဲ့သောမိုဒီက ဗန့်ကို ရင်ဘတ်ချင်းအပ်၍ တင်းတင်းပွေ့ဖက်ခဲ့ပုံကို အိန္ဒိယအစိုးရကထုတ်ပြန်သော ဓာတ်ပုံများတွင် တွေ့ရသည်။ မိုဒီသည် အမေရိကန်ဒုတိယသမ္မတကိုလည်းကောင်း၊ ဒု-သမ္မတ၏မိသားစုကိုလည်းကောင်း ညစာဖြင့် ဧည့်ခံခဲ့သည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။

“၎င်းင်းတို့နှစ်ဦးဟာ စွမ်းအင်၊ ကာကွယ်ရေးမဟာဗျူဟာမြောက်နည်းပညာတွေ၊ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု မိုဒီ၏ရုံးက ပြောကြားခဲ့သည်ဆိုသော်လည်း အသေးစိတ်များကို မဖော်ပြခဲ့ပေ။          

Ref: AFP

Most Read

Most Recent