ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် မွန်ပြည်နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာသူ များပြားလာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် မွန်ပြည်နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာသူ များပြားလာ
Published 22 April 2025

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ ချောင်းဆုံ (ဘီလူးကျွန်း) အစရှိသော ဒေသခံများသို့ စစ်ဘေးတိမ်းရှောင်လာသူ များပြားလာကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၄ ရက် (မဟာသင်္ကြန်အကျနေ့) ကစတင်ကာ  ဧပြီ ၂၀ ရက်အထိ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား နေ့စဉ်နီးပါး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ထိုနှစ်ဖက်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီ၊ သရက်တော၊ ရေပူ အစရှိသည့် ကျေးရွာများအပြင် ကျေးရွာပေါင်း (၁၀) ရွာထက်မနည်းမှ ဒေသခံပြည်သူ ထောင်နှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေကြရသည်အပြင် ကော့ကရိတ်၊ ကျုံဒိုး အစရှိသော မြို့များမှ ဒေသခံများကလည်း နီးစပ်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်းလည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။

၎င်းင်းကဆက်လက်ပြီးကမ်းနီ၊ သရက်တော ဘက်က ဒေသခံတွေအနေနဲ့က ကော့ဘိန်း။ မင်းရွာဘက်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရသလို တချို့လည်း မော်လမြိုင်နဲ့ ဘီလူးကျွန်းဘက်က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးလာရှောင်နေကြရသူတွေရှိကြပါတယ်။ တချို့လည်း နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ မြို့တွေမှာ  စစ်ဘေးရှောင်လာကြသူတွေလည်း အများအပြားရှိပါတယ်ဟု ပြောကြားသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လတ်တလောတွင် စားနပ်ရိက္ခာ နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေမည်ဆိုပါက  ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း တိုးလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နံနက်ပိုင်းမှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြီး ပြင်ထန်စွာဖြစ်ပွားခဲ့သော်လည်း ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ပစ်ခတ်တိုက်ခိုက်မှုလျော့ကျခဲ့သော်လည်း စစ်ဆိုင်နေကြသည့်အတွက်ကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။

တိုက်ပွဲကာလအတွင်း သံဃာတော်များအပါအဝင် ဒေသခံပြည်သူ ၂ဝဦး ခန့်သေဆုံးခဲ့သည့်အပြင် ၂၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြရ ဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအရေး ကူညီဆောင်ရွက်နေသူများ ပြောကြားချက်များအရ သိရသည်။

Photo Credit – Naiaung Naing Facebook

Most Read

Most Recent