ငလျင်ဒဏ်ကြောင့် ဧပြီ ၈ ရက် (ယနေ့) ညနေ ၆ နာရီအထိ သေဆုံးသူဦးရေ ၃၆၄၅ ၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၄၈ ဦးရှိကြောင်း သိရသည်။
ယနေ့(ဧပြီ ၈ ရက်)တွင် ရရှိထားသော စာရင်းများအရ မန္တလေးငလျင်ကြီး ကြောင့် သေဆုံးသူ (၃၆၄၅)ဦး၊ ဒဏ်ရာရရှိသူ (၅၀၁၇) ဦး၊ ပျောက်ဆုံးသူ (၁၄၈)ဦးရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးအနေဖြင့် နိုင်ငံပေါင်း (၂၀)မှ ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးပို့လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
" ဒီနေ့ညနေ ၆ နာရီအထိ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၃၆၄၅ ဦး ဖြစ်ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၅၀၁၇ ဦး ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၁၄၈ ဦး ရှိပါတယ်။ သေဆုံး ဒဏ်ရာရ ပျောက်ဆုံးမှုများအတွက် နိုင်ငံတော်အစိုးရအနေနဲ့ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတကာက ကူညီထောက်ပံ့မှုများ ရောက်ရှိမှု အနေနဲ့ ဒီနေ့အထိ နိုင်ငံ ၂၀ က လေယာဉ် ၉၈ ခေါက် ကားအစင်းရေ ခြောက်စင်း၊ သင်္ဘောနဲ့ ငါးခေါက် ရောက်ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပစ္စည်း တန်ချိန် ၁၃၀၄ ကျော်၊ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၉၁၀ ကျော် ရောက်ရှိခဲ့ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခြင်း၊ ပစ္စည်းများဖြင့် ထောက်ပံ့ခြင်းဆောင်ရွက်သည့် နိုင်ငံများသည် ရုရှား၊ တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်ဘာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖီလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူကီရဲ၊ အမေရိကန်၊ သီရိလင်္ကာ၊ ဟောင်ကောင် စသည့် နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
မတ် ၂၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။















