မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ် သံလျက်မော် အနောက်အုပ်စု စံပြရပ်ကွက် (၄၀၂)သဲကျင်းနှင့် တစ်ဆက်တည်းရှိသည့် ပင်မ ၁၀ ရပ်ကွက် (၃၉၀) ရှိ နေအိမ် ရာချီသည် မတ်လ ၂၈ ရက် တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇)ဖြင့်လှုပ်ရှားခဲ့သော မြေငလျင်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ငလျင်ဘေးနှင့် မီးဘေးသင့်အိမ်ထောင်စု (၄၃၂)စု ယာယီနေထိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးကူညီသည့် ယာယီတဲ များကို ဧပြီ ၄ ရက်နေ့နှင့် ဧပြီ ၅ ရက်နေ့များတွင် မဟာအောင်မြေအားကစားကွင်း၌ ပူးပေါင်းဆောက်လုပ် ပေးခဲ့ကြောင်းသိရပြီး အဆိုပါ ငလျင်ဘေးနှင့် မီးဘေးကြောင့် အမျိုးသားတစ်ဦး အမျိုးသမီး ၃ ဦး ၊ သေဆုံးခဲ့ကြောင်း Eleven Media အနေဖြင့် စုံစမ်းသိရှိရသည်။
“ကျွန်တော်တို့ရပ်ကွက်က ငလျင်လုပ်နေစဉ်အတွင်းမှာ မီးသိမ်းဓါတ်ငွေ့လိုမျိုး ကနေမီးတောက်ကြီးတွေက နေရာကွက်ကြားထွက်လာပြီး ၁၅ မိနစ်အတွင်းလောက်မှာ အိမ်ခြေ ရာနဲ့ချီကိုလောင် သွားတယ်၊အများစုက ဘာမှ သယ်ယူလိုက်လို့မရခဲ့ဘူး၊ သဲကျင်းက အမျိုးသားတစ်ယောက်နဲ့ ပင်မ ၁၀ ဘက်က အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ် ” ဟု စိန်ပန်ရပ် သံလျှက်မော်အနောက်အုပ်စြ စံပြရပ်ကွက် (၄၀၂)သဲကျင်းနေသူ ကိုအောင်က Eleven Media သို့ပြောကြားသည်။
ရွှေဘိုကျောင်းတိုက် ဦးပဇ္ဇင်းတစ်ပါးက ၎င်းတိုကျောင်းတိုက်၌ မြေငလျင်ဘေးနှင့်မီးဘေး တပြိုင်နက်ခံစားနေရသောပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများအတွက် ပရဟိတ လူဒါန်းသူများနှင့် တက်စွမ်းသမျှကူညီနေသော်လည်း ဆင်းရဲသားရပ်ကွက်ဖြစ်ခြင်းကြောင့် နှစ်ထောင်ကျော်ရှိသော ပြည်သူများအတွက် ၎င်းတို့၏ လူမှုဘဝရှင်သန်ရပ်တည်နေထိုင်နိုင်ရန်အတွက် နိုင်ငံတော်မှ ကူညီပေးနိုင်ရန် မျှော်လင့်နေကြောင်း Eleven Media သို့မိန့်ကြားခဲ့သည်။
ထိုအပြင် ငလျင်ဘေးနှင့် မီးဘေး တပြိုင်နက်ခံစားခဲ့ရသည့်အတွက် ၎င်းမိသားစုများ၏ အိုးအိမ်ဆုံးရှုံးမှုအပြင် အရေးကြီးစာရွက်စာတန်းနှင့် လဝက အထောက်အထားများ မီးထဲပါရှိသွား၍ အခြားနေရာသို့သွားရောက်နေထိုင်ရန်အခက်အခဲဖြစ်ပေါ်နေပြီး ဘဝရှင်သန် စားသောက်ရေးအတွက်များပါ အကူအညီများစွာလိုအပ်နေ ကြောင်းသိရသည်။















