ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပြုလုပ်နေသည့် BIMSTEC အစည်းအဝေးအတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်နှင့် တွေ့ဆုံခဲ့ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ခေါင်းဆောင်နှစ်ဦးသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးကိစ္စ၊ လေထုညစ်ညမ်းမှုနှင့် ရေလွှမ်းမိုးမှု ကာကွယ်တားဆီးရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ပေတုန်တန်သည် ဘန်ကောက်မြို့တော်ရှိ ရှန်ဂရီလာဟိုတယ်တွင် ဆဋ္ဌမအကြိမ်မြောက် BIMSTEC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို သဘာပတိအဖြစ် ကြီးမှူးကျင်းပလျက်ရှိသည်။
BIMSTEC အစည်းအဝေးမတိုင်မီ ပေတုန်တန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးေရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်မှောင်ခိုကူးမှုတို့အပါအဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရေး၊ ကျားဖြန့်စင်တာများတွင် အတင်းအဓမ္မစေခိုင်းခံခဲ့ရသည့် နစ်နာသူများကို နေရပ်ပြန်ပို့ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
တောမီးလောင်ကျွမ်းမှုများနှင့် မီးခိုမြူများကို တားဆီးရေးနှင့် ကိုင်တွယ်ဖြေရှင်းရေး အစီအမံများကို မြှင့်တင်ရန် “ကြည်လင်သည့် ကောင်းကင်မဟာဗျူဟာ” ၏ အရေးကြီးပုံကိုလည်း ခေါင်းဆောင်နှစ်ဦးစလုံးက အလေးထားပြောဆိုခဲ့ကြသည်။
“ကြည်လင်သည့် ကောင်းကင်မဟာဗျူဟာ” အမည်ရှိ အစီအစဉ်တွင် ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပါဝင်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချရန် ရည်ရွယ်လုပ်ဆောင်သည့် အစီအစဉ်ဖြစ်သည်။
လာမည့်မိုးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် နှစ်နိုင်ငံကြားရှိ မြစ်ချောင်းများနှင့် ရေလမ်းကြောင်းများတွင် ပိတ်ဆို့နေသည့်အရာများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းစဉ်အား အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် ရေကြီးရေလျှံမှုများမဖြစ်စေရန် နှစ်နိုင်ငံအစိုးရကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။















