အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ရရှိထားသော စာရင်းများအရ သေဆုံးသူ ၂၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄၅၂၁ ဦးနှင့် ပျောက်ဆုံးသူ ၄၄၁ ဦး ရှိကြောင်း သိရသည်
ယနေ့ နံနက် ၈ နာရီအချိန်တွင် ရရှိထားသော စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၂၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄၅၂၁ ဦးနှင့် ပျောက်ဆုံးသူ ၄၄၁ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့(ဧပြီ ၁ ရက်)တွင် နေပြည်တော်၌ ကျင်းပခဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" အခု ကျွန်တော်ဆီ နောက်ဆုံးတင်တဲ့စာရင်းတွေပေါ့၊ ဒီနေ့မနက် ၈ နာရီအထိ ရတဲ့စာရင်းမှာ ပြည်နယ်နဲ့တိုင်း ဒေသအားလုံးမှာ ၂၇၁၉ ယောက် သေပါတယ်။ ၄၅၂၁ ယောက် ဒဏ်ရာရပါတယ်။ ၄၄၁ ယောက် ပျောက်ဆုံးကြောင်း သတင်းပို့ထားပါတယ်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။
ငလျင်ဘေးဒဏ် ခံစားရသည့် နေရာများသို့ သွားရောက်ကြည့်ရှုရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို တွေ့ရှိရပြီး အဆောက်အဦများ အား ပေါ့ပေါ့တန်တန် တည်ဆောက်ကြခြင်းကြောင့် သဘာဝဘေးဒဏ် ဖြစ်ပွားလာချိန်တွင် အသက်ပေးဆပ်ရမှုများ များပြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။















