ရန်ကုန် - နေပြည်တော် - မန္တလေးအမြန်လမ်း၊ ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိ ရွှေပလ္လင်စားသောက်ဆိုင်တွင် အသုံးပြုနေသည့် ဘုရားစေတီပုံများ ရိုက်နှိပ်ထားသော တစ်ခါသုံးခွက်များကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ကြောင်း ဘုရားကြီးမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါရွှေပလ္လင်စားသောက်ဆိုင်တွင် အသုံးပြုနေသည့် တစ်ခါသုံးခွက်များတွင် ဘုရားစေတီပုံများရိုက်နှိပ်ကာ အသုံးပြုနေကြောင်း သတင်းအရ မတ် ၁၆ ရက် ည ၈ နာရီခန့်က ဘုရားကြီးမြို့အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ရွှေပလ္လင်စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးစဉ် ဘုရားစေတီပုံများ ရိုက်နှိပ်ထားသည့် တစ်ခါသုံးခွက်များဖြင့် လက်ဖက်ရည်၊ ကော်ဖီများထည့်ကာ ရောင်းချေနေကြောင်းကို တွေ့ရှိခဲ့ကြောင်း ဘုရားကြီးမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူက ပြောကြားသည်။
၎င်းဆက်လက်ပြီး “နောက်ထပ်အသုံးမပြုရသေးတဲ့ ဘုရားစေတီပုံတွေရိုက်နှိပ်ထားတဲ့ တစ်ခါသုံးခွက်တွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ယင်းရွှေပလ္လင်စားသောက်ဆိုင်အတွင်းမှ အသုံးမပြုရသေးသည့် ဘုရားစေတီပုံများရိုက်နှိပ်ထားသော တစ်ခါသုံးခွက် ၂၅ ခွက်အား ဘုရားကြီးမြို့ အုပ်ချုပ်ရေးအဖွဲ့မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။















