ရုရှားသို့ မြန်မာအလုပ်သမား ၂၄ ဦး စတင်စေလွှတ်

ရုရှားသို့ မြန်မာအလုပ်သမား ၂၄ ဦး စတင်စေလွှတ်
Published 6 March 2025

ရုရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာအလုပ်သမား ၂၄ ဦးအား Pilot Project ဖြင့် စေလွှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ - ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် မြန်မာနိုင်ငံမှလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရေး ရှေးရှု၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်နှင့် လုပ်ခလစာပိုမိုကောင်းမွန်သည့် နိုင်ငံများသို့ လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project ဖြင့် စေလွှတ်နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co.,Ltd ၏ အစီအစဉ်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint-Stock Company ‘Inturd’ Co., Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးအနက် ကနဦးအစီအစဉ်ဖြင့် လုပ်သား ၂၄ ဦးအား Pilot Project စေလွှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ် ၃ ရက်တွင် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မတ် ၅ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျစေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ Pilot Project ဖြင့် စေလွှတ်ခြင်းဖြစ်ပြီး အနာဂတ်တွင် အလုပ်သမားဈေးကွက်ရရှိ၍ အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ အလုပ်သမားနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝကောင်းမွန် တိုးတက်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent