မြန်မာကလေးများအတွက် စိန်ခေါ်မှုများမယ့် ၂၀၂၅ လား

မြန်မာကလေးများအတွက် စိန်ခေါ်မှုများမယ့် ၂၀၂၅ လား
​လေးကေ့ကော်ဒေသမှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်
​လေးကေ့ကော်ဒေသမှ နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်
Published 9 February 2025

(၁)

၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံတစ်ဝန်း ရှိ ကလေးများအတွက် ပဋိပက္ခနှင့် အကျပ်အတည်းများ ပိုမိုဆိုးရွားလာသည့် စိုးရိမ်ဖွယ် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

မြန်မာ့ကလေး ခြောက်သန်းခန့်သည် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်သူ အရေအတွက်များလည်း ၃ ဒသမ ၅ သန်းရှိလာသည်။ ထိုအရေအတွက်ထဲတွင် ၃၃ ရာခိုင်နှုန်းကျော်သည် ကလေးများ ဖြစ်ကြသည်။

အရပ်သားအများစု နေထိုင်ရာဒေသ များတွင် မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ လေကြောင်း တိုက်ခိုက်မှုများနှင့် အခြားသေဆုံးစေနိုင် သည့် လက်နက်များကို တိုးမြှင့်အသုံးပြုလာ ခြင်းက ကလေးများအတွက် လုံခြုံရာနေရာ များ နည်းပါးလာစေသည်။

ထို့ပြင် စာသင်ကျောင်း၊ ဆေးရုံနှင့် ကစားကွင်းများသည်လည်း အလားတူတိုက် ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့် လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု  Unicef Myanmar က ဆိုသည်။

ထိုအရေအတွက်သည် တစ်နေ့လျှင် ကလေးနှစ်ဦးထက်ပို၍ သေဆုံးဒဏ်ရာရရှိ ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင် ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်လက် နက်ပစ္စည်း ကြွင်းကျန်များကြောင့် အနည်းဆုံး ကလေး ၂၅၀ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါကိန်းဂဏန်းသည် ကမ္ဘာပေါ် တွင် အများဆုံးလည်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ဒေသကြီး အားလုံးနီးပါးသည် မြေမြှုပ်မိုင်း များ၊ စစ်လက်နက်ပစ္စည်း အ ကြွင်းအကျန်များ နှင့် ပျံ့နှံ့နေပြီး ကလေးများအတွက် အလွန် ကြီးမားသောအန္တရာယ်များ ဖြစ်စေသည်။

ထိုသို့ အလွန်ကြီးမားသည့် အန္တရာယ် များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး အစရှိသည့် အရေးကြီးဝန်ဆောင်မှု များ ကျယ်ကျယ်ပြန့်ပြန့် ပျက်ပြားလာခြင်းနှင့် ကျဆင်းလာသော စီးပွားရေးအခြေအနေများ ကြောင့်  မြန်မာကလေးများ၏ နေ့စဉ်ဘဝ သည် ယခင်နှစ်များထက် ပိုမိုဆိုးရွားလာခဲ့ သည်။

မြန်မာနိုင်ငံရှိ ကလေးငယ်တစ်သန်း ကျော်သည် အရေးကြီးသော ကာကွယ်ဆေး ထိုးခြင်းများကို လက်လွတ်ဆုံးရှုံးနေရပြီး မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် “ကာကွယ်ဆေး လုံးဝမရရှိသော” ကလေးများ၏ ဗဟိုချက်မတစ်ခုဖြစ်လာသည်။

ထို့ပြင် မြန်မာ့ကလေး ငါးသန်းကျော် သည် ပညာသင်ခွင့် အခွင့်အလမ်းများကို ဆုံးရှုံးနေရပြီး ထိုအခြေအနေများကြောင့် ကလေးများသည် အတင်းအကျပ််စစ်သားစု ဆောင်းခံရခြင်း၊ အသက်မပြည့်မီ သို့မဟုတ် အတင်းအကျပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံး စားပြုခြင်း အစရှိသော ကြီးလေးသော အခွင့် အရေးချိုးဖောက်မှုများကို တွေ့ကြုံခံစားနေ ရသည်။

၂၀၂၅ ခုနှစ်သို့ ရောက်လာသည်နှင့်အမျှ အန္တရာယ် ချောက်ကမ်းပါးတစ်ခုတွင် ရပ်တည် နေရသော မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခ ဒဏ်သင့် ကလေးများအတွက် တိုးပွားလာ သော လိုအပ်ချက်များကို အရေးပေါ်ဖြေရှင်း ရန်နှင့် အသက်ရှင်သန်ရေးအတွက် အထောက် အကူပေးနိုင်ရန်ရန်ပုံငွေသည် အရေးကြီးလာ ကြောင်း Unicef Myanmar ထုတ်ပြန်ထား သည်။

မြန်မာ့ကလေးများ၏ ရှင်သန်ရပ်တည် ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပိုမို ကောင်းမွန်သော အနာဂတ်အတွက် စုပေါင်း ဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုလိုအပ် လာနေပြီဖြစ်ကြောင်း Unicef Myanmar က ဆိုသည်။         

          (၂)

၂၀၂၅ ခုနှစ်ကို မြန်မာနိုင်ငံအတွက် ပြင်းထန်သော စိန်ခေါ်မှုများနှင့် အရေးကြီး သည့် ဆုံးဖြတ်ချက်များ ချမှတ်ရမည့်နှစ်တစ် နှစ်အဖြစ် အားလုံးက သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံအတွင်း ပြင်းထန်သောပဋိပက္ခများ ဖြစ်ပွားလာခဲ့သည် မှာ ယခုဆိုလျှင် လေးနှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးအရိပ်အယောင်မှာ မှေးမှိန်နေသေးကြောင်း နိုင်ငံရေးအကဲခတ် များက ဆိုသည်။

ထိုလေးနှစ်ကျော်ကာလအတွင်း ပြင်း ထန်သည့်ပဋိပက္ခများကြောင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉ ဒသမ ၉ သန်းသော ပြည်သူတို့သည် လူသား ချင်းစာနာထောက်မှု အကူအညီများ လိုအပ် လျက်ရှိသည်။

ထိုလူဦးရေပမာဏထဲတွင် ကလေးငယ် ၆ ဒသမ ၄ သန်း ပါဝင်ပြီး ယင်းပမာဏသည် မြန်မာကလေးငယ်အားလုံး၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။

ထိုသို့ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်ကြီးမားလာမှုသည် ကလေးသူ ငယ်များနှင့် အရပ်သားများအတွက် စိုးရိမ် စရာအခြေအနေဖြစ်လာပြီး မျိုးဆက်တစ်ခု လုံး နောက်ကျကျန်ခဲ့မည့် အန္တရာယ်နှင့် ရင် ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံ၏ အနာ ဂတ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိနေကြောင်း Unicef Myanmar က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စောင့်ကြည့်ရမည့် အရေးပါသည့် အချက် ခြောက်ချက်ကိုလည်း Unicef Myanmar က ထုတ်ပြန်ထားသည်။

ယင်းအချက်ခြောက်ချက်မှာ (၁) ပညာ ရေးအကျပ်အတည်း၊ (၂) ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း၊ (၃) အာဟာရချို့တဲ့မှုကို လျှော့ ချခြင်း၊ (၄) မြေမြှုပ်မိုင်း၊ (၅) ရွေးကောက်ပွဲ များနှင့် (၆) ရေကြီးရေလွှမ်းမိုးမှုများနှင့် ရောဂါ ဖြစ်ပွားမှုအန္တရာယ်များ စသည်တို့ဖြစ်သည်။

ပညာရေးအကျပ်အတည်း အန္တရာယ်ကြုံတွေ့နေရသည့်မျိုးဆက်

ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ငါးသန်းနီးပါးသည် ပညာသင် ကြားခွင့်များ ဆုံးရှုံးနေရသည်။

သင်ယူမှုအခွင့်အလမ်းများ လျော့နည်း လာခြင်းအပြင် ကလေးများသည် ပဋိပက္ခတွင် ပါဝင်သော အဖွဲ့အစည်းများ၏  အတင်းအ ဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့် မီအတင်းအကျပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် အခြားပြင်းထန်သောအခွင့်အရေးချိုးဖောက် မှုအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။

၂၀၂၅ ခုနှစ်တွင် ယင်းသို့ဆက်လက်ဖြစ် ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုး ရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင် ကြောင်း Unicef Myanmar က ထောက်ပြ ထားသည်။

ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း

 မြန်မာနိုင်ငံရှိ ကလေးငယ် တစ်သန်းကျော် သည် ရောဂါများမှ ကာကွယ်ရန်အတွက် မရှိ မဖြစ်လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်တွင် “ကာ ကွယ်ဆေး လုံးဝမရရှိသေးသော” ကလေးများ အများဆုံးရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည် နေသည်။

ပဋိပက္ခများ၊ ကိုဗစ်ကပ်ရောဂါနှင့် ကျန်း မာရေးဝန်ထမ်းများ အစုလိုက်နုတ်ထွက်ခြင်း တို့ကြောင့်မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး အထူးသဖြင့် ဝေးလံ ခေါင်ဖျားဒေသများရှိ ကလေးငယ်များမှာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခြင်း မရှိ သောကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင် သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ် နှင့် ကြုံတွေ့နေကြရသည်။

          ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကာကွယ်ဆေးများ ပြန်လည်ထိုးနှံတိုက်ကျွေး ရေး အစီအစဉ်များတွင် တိုးတက်မှုအချို့ ရရှိ ခဲ့သော်လည်း ပဋိပက္ခများ ပိုမိုပြင်းထန်လာ ခြင်းကြောင့် ထိုတိုးတက်မှုများ ပြောင်းပြန်ဖြစ် လာနိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင် ပါ အစုလိုက်ရောဂါဖြစ်ပွားစေနိုင်ခြေ ပိုမိုများ ပြားလာစေနိုင်ကြောင်း Unicef Myanmar  က ဆိုသည်။

          ၂၀၂၅ ခုနှစ်တွင် ကလေးသူငယ်များ အား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ လုံခြုံစွာသွားလာ နိုင်ရေးနှင့် အချိန်မီရန်ပုံငွေရရှိရေးသည် အရေးကြီးဆုံးဖြစ်လာကြောင်း Unicef Myanmar  က ပြောကြားသည်။

အာဟာရချို့တဲ့မှုကို လျှော့ချခြင်း

လက်ရှိဖြစ်ပွားနေသောပဋိပက္ခများ အပြင် အခြေခံကုန်စျေးနှုန်းများမြင့်တက်လာ ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခြင်းနှင့် ပြင်းထန်သော ရာသီဥတု ဖြစ် စဉ်များကြောင့် မြန်မာနိုင်ငံတွင် အာဟာရ ဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လျက် ရှိသည်။

၂၀၂၅ ခုနှစ်တွင် ကလေးငယ် ငါးသိန်း ကျော်သည် ပြင်းထန်အာဟာရချို့တဲ့မှုနှင့် ရင် ဆိုင်နေရပြီး အရေးပေါ်ထောက်ပံ့မှုမရရှိသော ကြောင့် အများအပြားမှာ အသက်အန္တရာယ် နှင့် ရင်ဆိုင်နေရသည်။

ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာခြင်းတို့ သည်ရာဂီမုန်တိုင်းနှင့် နှစ်စဉ်မုတ်သုံရာသီရေကြီးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ် များကြောင့် ပို၍ဆိုးရွားလာပြီး မိဘများသည် သူတို့ကလေးများအတွက် လုံလောက်ပြီး အာ ဟာရပြည့်ဝသော စားနပ်ရိက္ခာများကို ထောက် ပံ့ပေးနိုင်ခြင်းမရှိဖြစ်နေသည်။

အာဟာရဆိုင်ရာ ပံ့ပိုးမှုများကို အမြန် ဆုံး မပြုလုပ်နိုင်ပါက ကလေးငယ်များ၏ ရေ ရှည်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးတို့မှာ မရေရာ မသေချာသော အခြေအနေနှင့် ရင်ဆိုင်ရ မည်ဖြစ်ကြောင်း ့ြှုဃင်္န ပြညောမေ က ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ် မိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်း ကြောင့် အရပ်သား ၁၀၀၀ ကျော် သေဆုံးဒဏ် ရာ ရရှိခဲ့သည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးသူ ငယ်များသည် အချိုးအစားမမျှတစွာ ထိခိုက် ခံစားနေရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက် တင်ဘာလအတွင်း အနည်းဆုံး ကလေး ၂၅၀ သေဆုံးဒဏ်ရာရရှိခဲ့ရာ ကမ္ဘာပေါ်တွင် အ မြင့်မားဆုံးဖြစ်ခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီး ပါးတွင် မြေမြှုပ်မိုင်းများ ပျံ့နှံ့နေပြီး နေအိမ် များ၊ လယ်ကွင်းများနှင့် ကစားကွင်းများမှာ အန္တရာယ်ဇုန်များအဖြစ် ပြောင်းလဲနေပြီဖြစ် သည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းများ မရှိ သေးသည့်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှု သည် ကလေးများ၏ လုံခြုံရေး၊ ကလေးဘဝ နှင့် အနာဂတ်ကို ဆုံးရှုံးစေပြီး ဘဝတစ်သက် စာ ဒဏ်ရာဒဏ်ချက်များ ကျန်နေရစ်စေ မည်ဖြစ်သည်။

ထို့ပြင် မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့် ပြန့်အသုံးပြုမှုများသည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုး ရေးကို ခြိမ်းခြောက်နေပြီး မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်စီး ပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှု များကို ပိုမိုကြီးထွားလာစေကြောင်း Unicef Myanmar က သတိပေးထုတ်ပြန်ထားသည်။ 

ရွေးကောက်ပွဲများ

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်တွင် ကျင်းပနိုင်ခြေရှိသည့် ရွေးကောက် ပွဲများ မြန်မာနိုင်ငံအတွက် အဆုံးအဖြတ်ပေး မည့် အခိုက်အတန့်တစ်ခုဖြစ်လာနိုင်သည်။

သို့သော်လည်း  နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပေါ်လာသော ပဋိပက္ခများ၊ လူပေါင်း ၃ ဒသမ ၅ သန်းကျော် စံချိန်တင်နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုများ၊ အစုအဖွဲ့အမျိုးမျိုး၏ အ ပြိုင်အဆိုင် နယ်မြေထိန်းချုပ်မှုများနှင့် သက် ဆိုင်သူများအကြား မတူညီသောအမြင်အမျိုး မျိုးသည် အလွန်ရှုပ်ထွေးပြီး မသေချာမရေရာ သောပတ်ဝန်းကျင်ကို ဖန်တီးလျက်ရှိသည်။

ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲ ကာလအတွင်း သို့မဟုတ် ရွေးကောက်ပွဲအပြီး အငြင်းပွားမှုများသည် ပြင်းထန်နေပြီးဖြစ် သည့် ပဋိပက္ခကို ပိုမိုအရှိန်မြင့်စေနိုင်ပြီး လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို ပိုမိုနက်ရှိုင်းစေကာပြည်သူများ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း Unicef Myanmar က ထုတ်ပြန်ထားသည်။

ရေကြီးရေလွှမ်းမိုးမှုများနှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်များ

          ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်း အပါအဝင် အကြိမ် ကြိမ် ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုဘေးအန္တ ရာယ်များ၊ နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံ မှုများကြောင့် မြန်မာနိုင်ငံရှိ ရေပေးဝေရေးစနစ် များ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး အထူးသဖြင့် နေရပ်စွန့်ခွာစခန်းများနှင့် ချို့တဲ့သော လူမှုအ သိုင်းအဝိုင်းများသည်  ညစ်ညမ်းသော ရေ အရင်းအမြစ်များကို အားထားနေရသည်။

          ထိုအခြေအနေသည် ကာလဝမ်းရော ဂါနှင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရော ဂါကဲ့သို့သော ရေကြောင့်ဖြစ်ပွားသော ရောဂါ များ ဖြစ်ပွားမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၂၄ ခုနှစ် တွင် ရန်ကုန်ကဲ့သို့သော လူထူထပ်သောဒေသ များနှင့် ရခိုင်ကဲ့သို့ ဝေးလံခေါင်ဖျားသော ဒေသများတွင် ပြင်းထန်စွာထိခိုက်ခဲ့သည်။

          ပဋိပက္ခကာလအတွင်း အရေးပါသော ရေပေးဝေရေးစနစ်များနှင့် ရေတွင်းရေကန် များ ပိုမိုပျက်စီးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုမြင့် တက်ခြင်းနှင့် အရင်းအမြစ်များ ကုန်ခန်းလာခြင်း တို့ကြောင့်  မိသားစုများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ကို အသုံးပြုရန်လက်လှမ်းမမီကြတော့ပေ။

          အထူးသဖြင့် လူဦးရေထူထပ်လွန်းသော နေရာများရှိ မိသားစုများသည် မသန့်ရှင်းသော ရေနှင့် အားနည်းသည့်ပတ်ဝန်းကျင်သန့်ရှင်း ရေးတို့ကြောင့် မြင့်တက်လာသော အန္တရာယ် များကို ရင်ဆိုင်နေကြရသည်။

          ရေပေးဝေရေးစနစ်များ ပြန်လည်ထူ ထောင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး တိုးတက် စေရန်နှင့် အသက်ကယ် တစ်ကိုယ်ရေသန့် ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုး ပေးရန် အရေးပေါ်လုပ်ဆောင်ခြင်းမရှိပါက စုပေါင်းသက်ရောက်မှုများသည် ရောဂါဖြစ် ပွားမှုများကို ဆက်လက်ဖြစ်ပေါ်စေပြီး အသက် အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့်အတွက် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွား စေမည်ဖြစ်ကြောင်း Unicef Myanmar က သတိပေးထုတ်ပြန်ထားသည်။ 

          လက်ရှိတွင် မြန်မာနိုင်ငံသည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ကလေးများ နှင့် အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ် အခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက် ရှိနေကြောင်းUnicef Myanmar ဆို သည်။

          ထို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် များနှင့် ပြည်သူများအတွက် စိုးရိမ်စရာကောင်း သည့် ၂၀၂၄ ခုနှစ် ပြီးတော့ စိန်ခေါ်မှုများနှင့် ၂၀၂၅ ဟုတ် မဟုတ်ကိုမူ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent