မီဒီယာများနှင့်စကားပြောခွင့် ပိတ်ပင်ခံရဆဲဖြစ်သည်ဟုအီတလီသတင်းထောက်များကို ပေါ့ဘာ ဝန်ခံ

မီဒီယာများနှင့်စကားပြောခွင့် ပိတ်ပင်ခံရဆဲဖြစ်သည်ဟုအီတလီသတင်းထောက်များကို ပေါ့ဘာ ဝန်ခံ
Published 28 October 2018

 

မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက မိမိအနေဖြင့် မန်ယူအသင်းတွင် မီဒီယာများနှင့် စကားပြောခွင့် ပိတ်ပင်ခံရဆဲဖြစ်သည်ဟု အီတလီသတင်းထောက်များကို ဝန်ခံပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် မန်ယူ (၀-၁) ဂျူဗင်တပ်စ် ပွဲအပြီးတွင် ပေါ့ဘာက သတင်းထောက်များကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် အီတလီသတင်းထောက် အချို့က ၎င်းအား မေးခွန်းအချို့မေးမြန်းခဲ့ရာတွင် ပေါ့ဘာက "ခင်ဗျားတို့မေးရမယ့်လူက ကျွန်တော်မဟုတ်ဘူး။ ကျွန်တော် ဘာမှမပြောနိုင်ဘူး။ ကျွန်တော့်မှာ ပြောခွင့်မရှိဘူး။ ကျွန်တော် ပြောတော့ပြောချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဘာမှမပြောဖို့ (အသင်းက) မှာထားတယ်။ ဒါကြောင့် ခင်ဗျားတို့ မေးခွန်းမေးရမယ့်လူက ကျွန်တော်မဟုတ်ဘူး"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာသည် အောက်တိုဘာလအစောပိုင်းက ဗလင်စီယာနှင့်ကစားခဲ့သော ပွဲစဉ်အပြီးတွင်လည်း သတင်းထောက်များ ကို ယင်းကဲ့သို့ပင် ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့်ရာသီက မန်ယူအသင်း၏ပွဲစဉ်အချို့တွင် နည်းပြဖြစ်သူ မော်ရင်ဟို၏ ချန်လှပ်ခြင်းကို ခံခဲ့ရသည့် ပေါ့ဘာက မန်ယူအသင်းမှ အဖြစ်အပျက်များစွာအတွက် သူ့တွင် ပြောစရာ စကားအမြောက်အမြားရှိနေကြောင်း၊  သို့သော် မိမိပြောကြားခဲ့ပါက အသင်း၏ ပြစ်ဒဏ်ချအရေးယူမှုကို ခံရလိမ့်မည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့ဖူးသူဖြစ်သည်။

Most Read

Most Recent