၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာ ခဲ့သည်။
ယခင်က တိုက်ပွဲများ မဖြစ်ဖူးသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲ များ ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင် ဦး ရေမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ သည်။
လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေသည်။
သုံးနှစ်ကျော်အတွင်း ငါးဆကျော်မြင့်တက်လာတဲ့ စစ်ဘေးရှောင်ဦးရေ
ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ပြင်း ထန်လာမှုကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်ဘေး ရှောင်ဦးရေ ၂ ဒသမ ၆ သန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၅ သန်းအထိ မြင့်တက်လာ ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီလ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းခွဲခန့်သာ ရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၅ သန်းအထိ တိုးမြင့်လာခဲ့သည်။
ထိုအရေအတွက်သည် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ငါးဆကျော် မြင့်တက်လာခြင်းလည်းဖြစ်သည်။
လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း မြန် မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ၄ ဒသမ ၅ သန်း အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့် မှန်းထားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန် မာနိုင်ငံကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တစ်ကမ္ဘာလုံး၌ ပဋိပက္ခဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ယင်းသည် အရပ်သားများအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ကာ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေ ရကြောင်း ကုလသမဂ္ဂက ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခ သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအ နက် ၁၂ ခုတွင် တိုက်ရိုက်သက်ရောက်မှု ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲများ ပြင်း ထန်လာမှုကြောင့် အရပ်သားများအနေဖြင့် အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်းပြုသည့် နေရာမှ ထွက်ပြေးရသည့်အရေအတွက်မှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး သုံးပုံ တစ်ပုံခန့်မှာ ကလေးငယ်များဖြစ်သည်။
ရွှေ့ပြောင်းဒုက္ခသည် အများအပြား သည် ယာယီအမိုးအကာများ၊ စခန်းများ သို့မ ဟုတ် တောတောင်များတွင် နေထိုင်နေကြရ ပြီး စားနပ်ရိက္ခာ၊ ရေသန့်၊ ကာကွယ်ရေးအကူ အညီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုး ရွားစွာ ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေ ရကြောင်း ကုလသမဂ္ဂက ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာ ခြင်း၏ အကျိုးဆက်အဖြစ် အရပ်သားများ အနေဖြင့် မလုံခြုံမှု၊ စားနပ်ရိက္ခာမလုံလောက် မှု၊ အရေးပါသော ပြည်သူ့ဝန်ဆောင်မှု၊ စီးပွား ရေး လှုပ်ခတ်မှုများနှင့် ငွေကြေးဖောင်းပွမှုများ ကြောင့် အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုများ ကိုလည်း ကြုံတွေ့နေရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင် ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် လက်နက် ကိုင်ပဋိပက္ခ၊ ဘေးအန္တရာယ်များ၊ စီးပွားရေး နှင့် နိုင်ငံရေးမတည်ငြိမ်မှုများသည် လူသား ချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို မြင့်တက်လာစေရန် အဓိက တွန်းအားပေး လျက်ရှိသည်။
မြင့်တက်နေဆဲ လူသားချင်းစာနာမှု အကူအညီ
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသား ချင်းဆိုင်ရာ အကူအညီလိုအပ်သူ နှစ်စဉ်တိုး မြင့်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါးအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ် လူသားချ င်းစာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်မှုအစီအစဉ် (HNRP) ကို ထုတ်ပြန်ရာတွင် လူဦးရေ ၁၉ ဒသမ ၉ သန်းသည် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေပြီဖြစ်ကြောင်း ခန့်မှန်းရ ပြီး လူဦးရေ၏ သုံးပုံတစ်ပုံကျော်အထိ ရှိလာ သည်။
ထိုအထဲတွင် ကလေး ၆ ဒသမ ၃ သန်း နှင့် အမျိုးသမီး ၇ ဒသမ ၁ သန်း ပါဝင်သည်။
ထို့ပြင် ကျယ်ပြန့်သော ပဋိပက္ခများ၊ ရာသီဥတု ဘေးအန္တရာယ်များနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် လူပေါင်း ၁၅ ဒသမ ၂ သန်းသည် စားနပ်ရိက္ခာ မလုံလောက် မှုနှင့် ကြုံတွေ့နေရကြောင်း HNRP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လို အပ်သူ သန်း ၂၀ နီးပါးရှိနေပြီး ဒေါ်လာတစ် ဘီလျံကျော် လိုအပ်မည်ဖြစ်ကြောင်း ကုလသ မဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ$ အကူ အညီလိုအပ်သူဦးရေ သန်း ၂၀ နီးပါးရှိသော် လည်း မြန်မာ့လူသားချင်း စာနာမှုဆိုင်ရာ လိုအပ် ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အနေဖြင့် အကျပ်အတည်းကြားက ကြိုးစား ရှင်သန်နေရသူ ၅ ဒသမ ၅သန်းအား လူမှုဘဝ ရှင်သန်ရေး အကူအညီများပေးအပ်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကိုအဆိုပြု တောင်း ဆိုထားသည်။
ရရှိသည့် အလှူငွေများကို အစားအစာ ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အမိုးအ ကာရရှိရေးတို့တွင် အသုံးပြုသွားမည်ဖြစ် ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေ ချိန်တွင်တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့် ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေး ရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှု များဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်က ပြည်ထောင် စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ က ပြောကြားခဲ့သည်။
လက်ရှိတွင် ယာယီနေရပ်စွန့်ခွာနေရ သူများကို ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက် ပေးနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် စာရင်းကောက်ယူလျက်ရှိသည်။
“ရပ်ကွက်ရုံးက စာရေးဆိုသူက လိုက် အော်နေတာပဲ။ စစ်ဘေးရှောင်နေတဲ့သူတွေ ပုံစံ ၁၀ နဲ့ စာရင်းလာပေးဖို့ အဲဒီလိုပဲ အော်တာ။ ထောက် ပံ့ကြေးပေးမယ်တို့ ဘာတို့တော့ မအော် ဘူး။ ရုံးရောက်တော့မှ စာရေးမေးကြည့်တော့ စစ်ဘေးရှောင်တွေကို စာရင်းကောက်ခိုင်းလို့ ကောက်တာ ပြောတယ်။ ဘာလုပ်မလို့တုံး မေးတော့။ ထောက်ပံ့မလို့ ကောက်ခိုင်းတာလို့ ပြောတယ်တဲ့” ဟု ပုဂံဒေသတွင် လာရောက် စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောကြား သည်။
ထိုသို့ စစ်ဘေးရှောင်စာရင်းကို ကောက် ခိုင်းနေသော်လည် မည်သို့ထောက်ပံ့မည်ကို မသိရှိရကြောင်း ၎င်းင်းက ဆက်ပြောသည်။
“ဘယ်လောက်ထောက်ပံ့မှာလဲ။ ဘာလဲ ဆိုတာတော့ မသိရဘူး။ အထက်က လူကြီးက စစ်ဘေးရှောင်လူဦးရေ စာရင်း ကောက်ခိုင်းလို့ ကောက်တာပဲ။ ဘယ်လိုထောက် ပံ့မယ်ဆိုတာ တော့ သူတို့လည်းမသိဘူး” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်ဟုဆိုရာတွင် အမျိုးအစား နှစ်မျိုးရှိသည်။
နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာများထဲတွင် ယာယီစစ်ဘေးရှောင်နှင့် အမြဲတမ်း စစ်ဘေးရှောင်ဟူ၍ ပုံစံနှစ်မျိုးရှိနေသည်။
ယာယီစစ်ဘေးရှောင်ဆိုသည်မှာ စစ် ကြောင်းထိုးချိန်တွင် ယင်းစစ်ကြောင်းနှင့် ဘေး လွတ်ရာဖြစ်သည့် အနီးတစ်ဝိုက်ရှိ ကျေးရွာ များသို့ ခေတ္တတိမ်းရှောင်သူများ ဖြစ်သည်။
အမြဲတမ်းစစ်ဘေးရှောင်ဆိုသည်မှာ ၎င်းင်း တို့နေထိုင်ရာကျေးရွာအတွင်း$ လက်နက်ကိုင် အဖွဲ့များက အမြဲတမ်းတပ်စွဲထားခြင်း၊ ကျေး ရွာများ မီးရှို့ဖျက်ဆီးခံရသဖြင့် နေထိုင်စရာ မရှိခြင်း၊ ကျေးရွာအနီးအနားတွင် လက်နက် ကိုင်အဖွဲ့များက တပ်စွဲနေရာယူထားခြင်း ကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်တော့သည့် သူများလည်း ဖြစ်သည်။
ဘယ်လိုလူတွေကို ထောက်ပံ့မှာလဲ
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) တွင် သဘာဝ ဘေးအန္တရာယ်ဆိုသည့်စကားရပ်အား အ ဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်းတို့ သည် သဘာဝဘေးအန္တရာယ်တွင်ပါဝင်သော ကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကက ထုတ် ပြန်ထားသည်။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ(တိုက်ပွဲရှောင်ပြည်သူများ)ဆိုရာ ၌ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်း သူများက မြို့၊ ရွာများတွင် အကြမ်းဖက်တိုက် ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ်စွန့် ခွာရသူများအပြင် အကြမ်းဖက်သမား၊ အ ကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ် များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသဖြင့် ခေတ္တနေ ရပ် စွန့်ခွာလာရသူများလည်းပါဝင်ကြောင်း သိရသည်။
ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခို လှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူ များအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ် ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်း များ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေ ထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူအားလုံး သည်လည်း အကျုံးဝင်ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်းက စစ်ဘေး ရှောင်စခန်းများ$ စားနပ်ရိက္ခာနှင့် ဆေးဝါးက အမြဲတမ်း လိုအပ်နေသောအရာများဖြစ်ပြီး စားနပ်ရိက္ခာမလောက်ငသည့် အခြေအနေ များ၊ ဆေးဝါးမလုံလောက်သဖြင့် ဖြစ်သလို ကုသနေရခြင်းနှင့် သေဆုံးရသည့်အခြေအ နေများကို စစ်ဘေးရှောင်များက ကြုံတွေ့နေ ရကြောင်း စစ်ဘေးရှောင်အရေးကူညီသူများ ထံမှ သိရသည်။
ယခုကဲ့သို့ ထောက်ပံ့မှုများ ပေးမည်ဆို သော်လည်း နိုင်ငံတစ်ဝန်းလုံးတွင် လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် ယာ ယီစစ်ဘေးရှောင်အားလုံးအပေါ် သက်ရောက် မှုရှိနိုင်ရန် ခက်ခဲကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ထောက်ပြပြောဆိုမှုများ ရှိနေသည်။
အစိုးရအနေဖြင့် ယာယီစစ်ဘေးရှောင် များကို ထောက်ပံ့မှုများ ပေးမည်ဆိုပါက ထိ ရောက်မှုရှိရန်လိုကြောင်း စစ်ဘေးရှောင်အ ရေး ဆောင်ရွက်နေသည့် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ယာယီစစ်ဘေးရှောင်ဆိုပေမဲ့ တချို့ဆို စစ်ဘေးရှောင်တွေဆို နှစ်ချီနေပြီ။ အိမ်ပြန်ချင် ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန် နိုင်သေးတဲ့ ယာယီစစ်ဘေးရှောင်တွေမှ အများ ကြီး။ အစိုးရက ထောက်ပံ့မယ်ဆိုရင်တော့ ထိထိ ရောက်ရောက်လေး ထောက်ပံ့စေချင်တယ်” ဟု ၎င်း က ဆိုသည်။










