ဒီဇင်ဘာလကုန်ပိုင်းမှာ တရုတ်လူမှုကွန် ရက်စာမျက်နှာဖြစ်သည့် ဝီချက်မှ တစ်ဆင့် ထိုင်းနိုင်ငံတွင် ဇာတ်ကားရိုက်ကူးရန်အတွက် အလုပ်ခေါ်စာတစ်ခုကို တရုတ်သရုပ်ဆောင် ဝမ်က တွေ့ရှိခဲ့သည်။
ယင်းအလုပ်ခေါ်စာနှင့် ပတ်သက်ပြီး ဒုတိယဒါရိုက်တာ ‘ယန်စီလျို့’ ၏ ဝီချက်အ ကောင့်ကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံဘန် ကောက်မြို့သို့ သွားရောက်ရိုက်ကူးရေးကိစ္စ အတွက် ညှိနှိုင်းခဲ့ရာ ဇန်နဝါရီ ၃ ရက် နံနက် ခင်းတွင် ဝမ်သည် ထိုင်းနိုင်ငံ ဘန်ကောက်လေ ဆိပ်သို့ ရောက်ရှိခဲ့သည်။
ယင်းနောက် ဒုတိယဒါရိုက်တာ ‘ယန်စီ လျို့’ စီစဉ်ပေးသည့်ကားဖြင့် ထွက်ခွာလာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ ‘အပိုလို’ ဇုန်သို့ ပို့ဆောင်ခံခဲ့ရသည့် နောက်တွင်တော့ အဆိုပါနေရာရှိ ဆက်သွယ် ရေးလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် တရုတ်သရုပ်ဆောင် ‘ဝမ်’ မှာ ရောင်းစားခံ လိုက်ရပြီဆိုသည်ကို သိရှိသွားခဲ့သည်။
ဝမ်၏ ဖြစ်စဉ်မှာ တရုတ်လူမှုကွန်ရက် ဝီချက်တွင် ဟိုးလေးတကျော်ဖြစ်သွားပြီး နောက်တွင်မူ ထိုင်းနှင့် တရုတ်အစိုးရတို့ ပူး ပေါင်းပြီး ရှာဖွေခြင်းလုပ်ငန်းများကို ဆက် တိုက်ဆောင်ရွက်ခဲ့ရာ ဝမ်ကို သုံးရက်ကျော် အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသား သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်သူ Yang Zegi မှာ ရုပ်ရှင် ရိုက်ကူးရေးအတွက် ကမ်းလှမ်းခံရသဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်ကတည်းက တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့ လေကြောင်းမှတစ်ဆင့် ဝင် ရောက်လာခဲ့ပြီးနောက် သုဝဏ္ဏဘူမိလေဆိပ် မှ ထိုင်း-မြန်မာနယ်စပ်သို့ ကားဖြင့် ခေါ် ဆောင်သွားခြင်းခံရကြောင်း ထိုင်းသတင်း ဌာနများက ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြခဲ့ သည်။
အဆိုပါ တရုတ်နိုင်ငံသား သရုပ်ဆောင် မော်ဒယ် Yang Zegi မှာ ဒီဇင်ဘာ ၂၁ ရက် တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသည်ဟု မိတ် ဆွေများထံ စာပို့ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်တွင်မူ မိခင်ဖြစ်သူနှင့် အွန်လိုင်းမှတစ် ဆင့် တွေ့ဆုံစဉ် လုံခြုံဘေးကင်းကြောင်းပြော ဆိုခဲ့သော်လည်း မျက်နှာတွင် ဒဏ်ရာများရှိ နေသည်ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၃၀ ရက်တွင် Yang Zegi မှာ ဖုန်းအဆက်အသွယ်ပြတ်တောက် သွားခဲ့ပြီးနောက် မိသားစုဝင်များနှင့် ဆွေမျိုး များက ၎င်းင်းပြန်လည်လွတ်မြောက်ရေးအ တွက် တရုတ်နိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနှင့် မြန်မာ နိုင်ငံအတွင်းရှိ တရုတ်သံရုံးများသို့ ဆက် သွယ်ပြီး သတင်းပေးတိုင်ထားကြောင်းလည်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
ယင်းနောက်ပိုင်းတွင် တရုတ်မီးအလှ ပညာရှင်တစ်ဦးနှင့် အခြား တရုတ်မိန်းကလေး ငယ်နှစ်ဦးသည်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိ လာပြီးနောက် အဆက်အသွယ်ပြတ်တောက် ကာ လူကုန်ကူးခံရသည့်အခြေအနေများ ကြုံ ေွ့ခဲ့ရသည်။
လတ်တလောတွင် တရုတ်အစိုးရနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းပြီး သရုပ်ဆောင် ဝမ်၊ စွန်းချန်၊ အပါအဝင် ခြောက်ဦးကို အောင် မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ် ကြောင်း၊ ထို့ပြင် ကျန်ရှိသူများကို ကယ်ဆယ် ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိ ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
■ လူကုန်ကူးခံရတဲ့သူတွေ ဘယ်နေရာမှာ ခိုင်းစေခံရတာလဲ
လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ ဘက်အခြမ်း မြဝတီမြို့ရှိ အပိုလိုဇုန်သို့ ပို့ ဆောင်ခံရပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်း များတွင် ခိုင်းစေခံရခြင်းဖြစ်သည်ဟု တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန် သည်။
လူကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေသည့် ကာလအတွင်းမှာပင် အမှုစုံ စမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ မြဝတီတွင် ခိုအောင်းနေပြီး နယ် စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ် ဆောင်သည့် ရာဇဝတ်ဂိုဏ်းကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ အဆိုပါရာဇဝတ်ဂိုဏ်းသည် ဝီချက်အဖွဲ့များစွာတွင် သရုပ်ဆောင်၊ မော် ဒယ်၊ ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများ အလုပ် ခေါ်သည်ဟူသော အချက်အလက်အတုများ ထုတ်ပြန်ကာ လာရောက်ရန်ဆန္ဒရှိသူများ အတွက် လေယာဉ်လက်မှတ်ဝယ်ပေးခြင်း၊ ဟိုတယ်ဘိုကင်လုပ်ပေးခြင်း၊ ကားစီစဉ်ပေး ခြင်းစသည့် နည်းလမ်းများဖြင့် အဆိုပါ လူများ ကို ထိုင်းနိုင်ငံပြည်တွင်းသို့ လိမ်လည်ခေါ် ဆောင်ပြီးနောက် မြန်မာနိုင်ငံမြဝတီသို့ ထပ်မံ ပို့ဆောင်ကာ ဆက်သွယ်ရေးလိမ်ညာမှုဇုန် များသို့ လူကုန်ကူးခဲ့ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကိုကိုး ကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြထား သည်။
မကြာသေးမီက အွန်လိုင်းပေါ်တွင် ပေါ် ထွက်လာသည့် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ ပြည်ပတွင် အဆက်အသွယ်ပြတ်တောက် ခြင်း၊ ပိတ်မိခြင်းအမှုများသည် အဆိုပါရာဇဝတ် ဂိုဏ်းနှင့် ပတ်သက်နေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ပြစ်မှုကျူးလွန်သည်ဟု သံသ ယရှိသူ ၁၂ ဦးကို တရုတ်-ထိုင်း ရဲတပ်ဖွဲ့များ က ပူးပေါင်းဖမ်းဆီးရမိပြီးဖြစ်ကာ သက်ဆိုင် ရာ အမှုစုံစမ်းစစ်ဆေးမှုနှင့် အခြားပြစ်မှုကျူး လွန်သည်ဟု သံသယရှိသူများအား လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ကျားဖျန့်ဟု လူသိများသည့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် လူကုန်ကူးခံရ သူများမှာ ခိုင်းစေခံရခြင်းဖြစ်ပြီး ယင်းဖြစ်စဉ် များနှင့် ပတ်သက်၍ တရုတ်ဝန်ကြီးချုပ်ကိုယ် တိုင် အာဆီယံနိုင်ငံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင် မည်ဟု ပြောကြားခဲ့ရသည်အထိဖြစ်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အွန် လိုင်းလောင်းကစားလုပ်ငန်းများ၊ အွန်လိုင်း ငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်သည့် ဖြစ် ရပ်များသည် တရုတ်နှင့် အခြားနိုင်ငံများ၏ ပြည်သူများကို ထိခိုက်နစ်နာစေပြီး ခြိမ်း ခြောက်မှုများ ဖြစ်နေကြောင်း ဝမ်က ပြော ကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ် အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ အာဆီယံနိုင်ငံများအားလုံး၏ ပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရေးတို့ အတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဝမ်က ဒေသတွင်းသံတမန်များနှင့် ပြုလုပ်ခဲ့ သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝမ်၏ မှတ်ချက်စကားများအရ အရှေ့ တောင်အာရှတွင် လူမှောင်ခိုကူးမှု၊ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုတို့နှင့်ပတ်သက် ပြီး တရုတ်က အလွန်စိုးရိမ်နေကြောင်းကို ဖော်ပြရာ ရောက် နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ သည်။
ထို့ပြင် မြန်မာနှင့် ထိုင်းနိုင်ငံတို့ပါဝင် သည့် အာ ဆီယံအဖွဲ့သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ရန် အရေးတကြီးလိုအပ်နေသည်ဟုလည်း ဝမ်၏ မှတ်ချက်စကားများက ဖော်ပြနေသည်။
■ အွန်လိုင်းလိမ်လည်မှုတွေအတွက် မြဝတီက အဓိကနေရာဖြစ်နေပြီလား
တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ကျားဖျန့်လုပ်ငန်း ဟု လူသိများသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံ မြဝတီမြို့တွင် အဓိကဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
တရုတ်အစိုးရဘက်က ထုတ်ပြန်ထား သည့် တရုတ်သရုပ်ဆောင် ဝမ်၏ ဖြစ်စဉ်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီးနောက် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ ‘အပိုလို’ ဇုန် apolo park သို့ ပို့ ဆောင်ခံရကြောင်း၊ထို့နောက်’ဟွမ်ရာ့’၊’ခိုင် ရွှမ်’ စသည့် ဆက်သွယ်ရေးလိမ်ညာမှုဇုန်များ စွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုသို့သောအခြေအနေတွင် ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံ မြဝတီမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကရင်နယ်ခြားစောင့်တပ် ( BGF ) မှ ဗိုလ်မှူးကြီး စောချစ်သူ၊ DKBA အဖွဲ့တို့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့သည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှု၊ လိမ်လည်မှုနှင့် လူကုန်ကူး မှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့သည်ဟု ထိုင်းသတင်းဌာန khaosod တွင် ဖော်ပြထားသည်။
ယင်းဆွေးနွေးပွဲတွင် မြဝတီမြို့၌ လည် ပတ်နေသော စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လူကုန်ကူးမှု၊ လိမ်လည်လှည့်ဖြားသည့် အဖွဲ့များနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ပြီး အစီရင်ခံရန် လိုအပ် သည့် တင်းကျပ်သော လမ်းညွှန်ချက်များကို ချမှတ်ခဲ့သည်ဟု khaosod တွင် ဖော်ပြထား သည်။
ထိုသို့ ချမှတ်ခဲ့သည့်လမ်းညွှန်ချက်များ အရ အကျပ်ကိုင်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သား၊ လူကုန်ကူးမှုမှ အကျိုးအမြတ်များနှင့် လိမ် လည်လှည့်ဖြားမှုလုပ်ငန်းများကို ချိုးဖောက် သော စီးပွားရေးလုပ်ငန်းများအား လုပ်ငန်း ပိတ်သိမ်းခြင်းနှင့် နှင်ထုတ်ခြင်းတို့ကို ပြုလုပ် မည်ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများကတည်းက မြဝ တီမြို့ရှိ kk park ဟု ခေါ်သည့်နေရာတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအခြေစိုက် သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် သောင်းရင်း မြစ်သာခြားသည့် ထိုင်းနိုင်ငံဘက်မှ ယင်းနေ ရာသို့ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက် ခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများကို လုပ်ဆောင်ခဲ့သည်။
■ ဇာတ်ရှိန်မြင့်လာတဲ့ ကျားဖျန့်တိုက်ဖျက်ရေး
တရုတ်နိုင်ငံသားအများစု လူကုန်ကူးခံ ရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံရမှုများနှင့် ပတ် သက်၍ နိုင်ငံသားများကို ကယ်ဆယ်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ ရှိ လိမ်လည်လှည့်ဖြားမှုလုပ်ငန်းများ လက်ထဲ တွင် ကျရောက်နေသည့် တရုတ်နိုင်ငံသားများ ကို ကယ်တင်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရပ်ခြားတွင် ပိတ်မိနေသော နိုင်ငံသားများကို ကယ်ဆယ် ရန်နှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ နေရာ များကို ဖျက်သိမ်းရန်အတွက် အခြားနိုင်ငံများ ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ကြိုး ပမ်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု cctv ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား ပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ခဲ့သည့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်တွင်လည်း ပြည်ပ၌ အဆက်အသွယ် ပြတ်တောက်၊ ပိတ်မိသူများ၏ မိသားစုဝင် များက အကူအညီတောင်းခံသောအချက် အလက်များ တင်ပြမှုများနှင့်စပ်လျဉ်း၍ သဲလွန်စများကို ဘက်စုံခွဲခြမ်းစိတ်ဖြာပြီး စုံ စမ်းစစ်ဆေးရေးလုပ်ငန်းများကို အချိန်မီလုပ် ဆောင်ရန်၊ သက်ဆိုင်ရာဌာနကအဆက်အသွယ်ပြတ်တောက်နေသော၊ ပိတ်မိနေသူများ ကိုဆောလျင်စွာ ရှာဖွေကယ်ဆယ်ရေးအ တွက် ဘက်စုံညှိနှိုင်းလုပ်ဆောင်ရန် ဒေသ အသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများ ကို ဖြန့်ကြက်စီမံထားပြီးဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။
ထို့ပြင် နိုင်ငံတကာ တရားဥပဒေစိုးမိုး ရေး ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီး ပြည်ပဆက်သွယ်ရေးလိမ်ညာမှု လုပ်ဆောင် သည့်စခန်းများကို အစွမ်းကုန် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ရာဇဝတ်ဂိုဏ်း ‘ရင်းနှီးမြှုပ်နှံသူ’၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန်ရှာ ဖွေဖော်ထုတ်ဖမ်းဆီး၍ ပိတ်မိနေသူများအား အစွမ်းကုန် ညှိနှိုင်းကယ်ဆယ်သွားမည်ဖြစ် ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန ကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြ ထားသည်။
ယင်းကြောင့် ထိုင်း- မြန်မာနယ်စပ်ရှိ တရုတ်လူမျိုး လုပ်ငန်းရှင်အချို့ လုပ်ကိုင်နေ သည့် ကျားဖျန့်ဂိုဏ်းများကို ဖြိုခွဲရန်မှာ ဇာတ် ရှိန်မြင့်လာပြီဖြစ်ပြီး ဆက်လက်စောင့်ကြည့် ရမည့် အခြေအနေလည်းဖြစ်သည်။










