အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးစစ်သားများကို လက်ဘနွန်မှ ပထမဆုံးအကြိမ် ရုပ်သိမ်းခဲ့သည်ဟု အမေရိကန် ပြောကြား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးစစ်သားများကို လက်ဘနွန်မှ ပထမဆုံးအကြိမ် ရုပ်သိမ်းခဲ့သည်ဟု အမေရိကန် ပြောကြား
လက်ဘနွန်တောင်ပိုင်းမြို့တိုင်ရီ၌ သံချပ်ကာယာဉ် မောင်းနေသော လက်ဘနွန်စစ်သားများကို ဒီဇင်ဘာ  ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
လက်ဘနွန်တောင်ပိုင်းမြို့တိုင်ရီ၌ သံချပ်ကာယာဉ် မောင်းနေသော လက်ဘနွန်စစ်သားများကို ဒီဇင်ဘာ  ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 12 December 2024

အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များကို လက်ဘနွန်တောင်ပိုင်းမြို့မှ ပထမဆုံး ရုပ်သိမ်းသွားခဲ့ပြီး ၎င်းတို့၏နေရာကို လက်ဘနွန်စစ်တပ်က အစားထိုးဝင်ရောက်လာခဲ့သည်ဟု ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာန(CENTCOM)က ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာန၏ ခေါင်းဆောင် အဲရစ်ကူရယ်လာသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏အစိတ်အပိုင်းအဖြစ် လက်ဘနွန်နိုင်ငံ အယ်လ်ခီယမ်၌ ပထမဆုံးအစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များ ရုပ်သိမ်းမှုနှင့် လက်ဘနွန်စစ်တပ်အစားထိုးဝင်ရောက်မှုတို့လုပ်ဆောင်ရာတွင် လုပ် ငန်းစဉ်အကောင်အထည်ဖော်ခြင်းနှင့် ရုံးချုပ်များကို စောင့်ကြည့်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် CENTCOM က ဖော်ပြခဲ့သည်။

“ဒါဟာ တိုက်ပွဲတွေ အမြဲတမ်းရပ်သွားစေဖို့နဲ့ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ကို ချဖို့အကောင်အထည်ဖော်ရာမှာ အရေးကြီးတဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ကူရယ် လာ၏ပြောစကားကို ကိုးကားဖော်ပြခဲ့သည်။

ခီယမ်နှင့်မာဂျာယွန်ဒေသတို့တွင် တပ်ဖွဲ့များ ချထားခြင်းသည် အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက် အကောင်အထည်ဖော်ရာတွင် နိုင်ငံတောင်ပိုင်း၌ စစ်တပ်ချထားမှုကို အားကောင်းအောင်လုပ်ဆောင်ရာ၌ အခြေခံကျနေသော အဆင့်တစ်ရပ်ကို ကိုယ်စားပြုနေသည်ဟု လက်ဘနွန် ဝန်ကြီးချုပ်နာဂျစ်မီခါတီက ပြောကြားခဲ့သည်။

“တောင်ပိုင်း တည်ငြိမ်ရေးအတွင် စစ်တပ်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ချီးကျူးပါတယ်”ဟု မီခါတီက ဆိုရှယ်မီဒီယာ X တွင် ဖော်ပြခဲ့သည်။

အစ္စရေး၏အမှတ် ခုနစ်တပ်မဟာသည်  လက်ဘနွန်တောင်ပိုင်း ခီယမ်၌ မစ်ရှင်လုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ပူးပေါင်းဆောင်ရွက်မှုတို့နဲ့အညီ လက်ဘနွန် ကြည်းတပ်ကစစ်သားတွေကို အဲဒီနယ်မြေက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ UNIFIL နဲ့အတူ ဖြန့်ကြက်နေပါတယ်”ဟု အစ္စရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကို စကားပြောခဲ့ပြီး အမေရိကန်ပြည်ထောင်စုက အပစ်အခတ်ရပ်စဲရေးကို အကူအညီပေးရေးအတွက် မိမိတို့၏ မိတ်ဖက်နိုင်ငံများနှင့်အတူ ဆောင်ရွက်နေသည်ဟု ကတ်ဇ်ကို ပြောကြားခဲ့သည်ဟု နောက်ပိုင်းတွင် ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။

“အပစ်ရပ်စဲရေးဟာ အမြဲတမ်းတည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်ဖို့အခြေအနေတွေကို ဖန်တီးပေးနိုင်စွမ်းရှိနေပြီး အစ္စရေး-လက်ဘနွန်နယ်စပ် နှစ်ဘက်ခြမ်းက နယ်ခံတွေသူတို့ရဲ့နေအိမ်တွေကို ဘေးကင်းစွာ ပြန်လာနိုင်စေဖို့ အခြေအနေတွေကို ဖန်တီးပေးပါတယ်လို့ အော်စတင်ကပြောကြားခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးသည် ဟစ်ဇဘိုလာနှင့်တစ်နှစ်နီးပါးကြာ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု နေ့တိုင်းနီးပါးဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ခဲ့သည်။                        

Ref: AFP

 

 

 

 

Most Read

Most Recent