ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်နှင့် ဂါဇာတွင်အပစ်အခတ်ရပ်စဲရန် တရုတ်သမ္မတရှီကျင်းပင် တိုက်တွန်း

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်နှင့် ဂါဇာတွင်အပစ်အခတ်ရပ်စဲရန် တရုတ်သမ္မတရှီကျင်းပင် တိုက်တွန်း
Published 21 November 2024

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်နှင့် ဂါဇာတွင်အပစ်အခတ်ရပ်စဲရန် တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရှီသည် ဘရာဇီးနိုင်ငံ ဘရာစီလီယာမြို့တော်သို့သွားရောက်သည့် နိုင်ငံတော်ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားကလည်း ဘရာစီလီယာ မြို့တော်တွင် ရှီကို ကော်ဇောနီဖြင့်ကြိုဆိုခဲ့ပြီး ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် ပူးတွဲရေးဆွဲထားသည့် လမ်းပြမြေပုံအ  ကြောင်းကို အလေးထားပြောဆိုခဲ့သည်။

“လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံရေးခိုက်ရန်ဒေါသတွေနဲ့ ကပ်ဆိုင်နေတဲ့ ကမ္ဘာကြီးမှာ တရုတ်နဲ့ဘရာဇီးဟာ ငြိမ်းချမ်းရေး၊ သံတမန်ရေးနဲ့ ဆွေးနွေးညှိနှိုင်းရေးတွေကို ဦးစားပေးလုပ်ဆောင်နေပါတယ်”ဟု လူလာက ပြောကြားခဲ့သည်။

ရှီကလည်း သူသည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန်အတွက် လမ်းပွင့်စေရန် ငြိမ်းချမ်းရေးအတွက်တိုက်တွန်းပြောဆိုမှုများ ပိုမိုမြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂါဇာတွင် အမြန်ဆုံးအပစ်အခတ်ရပ်စဲရန်နှင့် စစ်ပွဲကိုအဆုံးသတ်ရန်လည်း ရှီကတိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်-ဘရာဇီး ငြိမ်းချမ်းရေးကြားဝင်စေ့စပ်သည့် လမ်းပြမြေပုံကို တရုတ်၏ မဟာမိတ်ဖြစ်သည့် ရုရှားက ထောက်ခံခဲ့သော်လည်း ယူကရိန်းနှင့် ၎င်း၏ မဟာမိတ်အနောက်နိုင်ငံများက ငြင်းပယ်ခဲ့သည်။

ဟားမာ့စ်အဖွဲ့ကို အစ္စရေးက ထိုးစစ်ဆင်နေသည့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများကို ရပ်တပ်ရန်အတွက်ရှီက မေတ္တာရပ်ခံခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့၌ ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) အစည်းအဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများက ထိုကဲ့သို့ တိုက်တွန်းခဲ့သည်။

ဂျီ ၂၀ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ဂါဇာနှင့်လက်ဘနွန်၌ ပြည့်စုံကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲမှုပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာတွင် ချက်ချင်း၊ ခြွင်းချက်မရှိ၊ ထာဝရ အပစ်အခတ်ရပ်စဲအတွက် ကြေညာချက်တစ်ရပ်ထုတ်ပြန်ရေးအပေါ် မဲပေးခဲ့သော်လည်း အစ္စရေး၏ မဟာမိတ် အမေရိကန်က ဗီတိုအာဏာဖြင့်ပယ်ချခဲ့သည်။

ဘရာစီလီယာမြို့တော်သို့သွားရောက်သည့် ရှီ၏ခရီးစဉ်သည် အာရှ၏စီးပွားရေး အင်အားအကြီးဆုံး တရုတ်နှင့် လက်တင်အမေရိက၏ စီးပွားရေးအင်အားအကြီးဆုံး ဘရာဇီးတို့အကြား ဆက်ဆံရေးနီးကပ်လာမှုကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရှီနှင့်လူလာတို့သည် စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် သဘာဝပတ် ဝန်းကျင်ကာကွယ်ရေးအပါအဝင် နယ်ပယ်ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက် ၃၅ ခုကို လက်မှတ် ရေးထိုးခဲ့သည်။

တရုတ်-ဘရာဇီးဆက်ဆံရေးများသည် သမိုင်းတစ်လျှောက်အကောင်းဆုံးအခြေအနေဖြစ်ပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေများဖြစ်လာကြောင်းရှီက ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။         

Ref: AFP

Most Read

Most Recent